Innwa-Ads-Banner-1-1170X200

Grealish အစစ်ကို ပြန်မြင်တွေ့ရတော့မှာလား

Grealish အတွက် အမှတ်တရအဖြစ်ဆုံးအချိန်တွေက စီးတီးနဲ့အတူ ချန်ပီယံလိဒ် အောင်မြင်ခဲ့တဲ့ ရာသီဖြစ်မှာပါ။ သူအကောင်းဆုံးကစားပြခဲ့တယ်။ ဒါပေမဲ့ သူရဲ့ မန်စီးတီး ကစားသမားဘဝက မလွယ်ကူခဲ့ပါဘူး။ ဒဏ်ရာအနာတရတွေ၊ ပွဲထွက်ကစားခွင့်မရခဲ့တာတွေ၊ နည်းပြပက်ဂွာဒီယိုလာရဲ့ စနစ်အောက်မှာ ပျောက်ဆုံးခဲ့ရတာတွေနဲ့ လွတ်လပ်စွာ မကစားခဲ့ရတဲ့အတွက် Grealish ဟာ ရုတ်ချည်းပျောက်ဆုံးသွားခဲ့ရပါတယ်။ Grealishကို တန်ကြေးသန်း ၁၀၀ နဲ့ တံဆိပ်ကပ်ခဲ့ပြီး တန်ကြေးအလိုက်ဖိအားတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ပရိသတ်အများစု ကလည်း Grealishဟာ နည်းပြစနစ်အောက်မှာ ဖျက်ဆီးခံခဲ့ရတဲ့ ကစားသမားတယောက်ဖြစ်သွားပြီလို့ ထင်ခဲ့ကြတာပါ။ စီးတီးမှာ သူမအောင်မြင်ခဲ့သည့်အကြောင်းကို ပြန်ကြည့်မယ်ဆိုရင်၊ ဂွာဒီယိုလာရဲ့ စနစ်နဲ့ Grealishရဲ့ လွတ်လပ်စွာဖန်တီးကစားချင်တဲ့စတိုင် တူညီမှုမရှိခဲ့တဲ့အတွက် ဖြစ်နိုင်ပါတယ်။ Pep ရဲ့ football philosophy က ဘောလုံးကို အမြဲထိန်းချုပ်ထားပြီး၊ တိကျတဲ့ နေရာလွတ်တွေကို သေချာအောင် အသုံးချဖို့လိုအပ်ပါတယ်။ ဒါကြောင့် Grealish လို အနည်းဆုံး သုံးလေးယောက်ကို လိုက်ဖျက်နိုင်တဲ့ Dribble အားကိုးသူတယောက်အတွက် အခွင့်အလမ်း မရနိုင်ခဲ့တာပါ။ သူ့ကို အသင်းထဲမှာ ဘယ်လိုအကျိုးရှိစွာအသုံးချမယ်ဆိုတဲ့ အချက်ကို Pep မစွမ်းဆောင်န်ိုင်ခဲ့ပါဘူး။ City တို့ Treble ရတဲ့ 2022/23 ရာသီကဆိုရင် အသင်းဖော်တွေကသူ့ကို နာမည်ပြောင်အနေနဲ့ The Rest Station နားနေစခန်းလို့တောင် ခေါ်ဆိုခဲ့ကြတာပါ။ အသင်းဖော်တွေအနေနဲ့ ကစားကွက်ပြန်တည်ဖို့ဖြစ်ဖြစ် စက္ကန့်အနည်းငယ်လောက်လိုအပ်ရင် Grealish ကိုသာဘောလုံးပေးထားလိုက် သူထိန်းထားပေးနိုင်တယ်ဆိုတဲ့သဘောပါ။ ဗီလာမှာ သူ့ရဲ့နောက်ဆုံးရာသီ Dribbles က တပွဲကို ၂.၅ကြိမ်ရှိခဲ့ပါတယ်။ ပထမရာသီစီးတီးမှာတော့ ၁.၅ကြိမ်အထိကျဆင်းသွားပါတယ်။ စီးတီးတို့ Treble ရတဲ့ရာသီမှာတော့ ၁.၆ အဲ့ဒီကနေမှ တဖြည်းဖြည်းကျဆင်းသွားတာ ၀.၉ နောက်ဆုံး ၀.၇ထိရောက်သွားပါတယ်။ ကိန်းဂဏန်းတွေက အကြောင်းအရာနှစ်ခုဆီကိုဦးတည်နေပါတယ်။ ပထမဆုံးအနေနဲ့ စီးတီးကိုရောက်တဲ့အချိန်မှာ ဂရီးလစ်ကစားဟန်ပြောင်းလဲသွားတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှုကိုပိုမို ဦးတည်ကစားပေးရပါတယ်။ နောက်တခါ Full Back တယောက်ဖြစ်တဲ့ Cancelo နဲ့လည်း လိုက်လျောညီထွေညှိယူရပြန်ပါတယ်၊ Cancelo က Villa မှာ Grealsih ကြုံဖူးတဲ့ နောက်ခံအစွန်လူတွေလို Overlapping တက်ရုံမဟုတ်ပဲ၊ အတွင်းဘက်ကိုချိုးဝင်ကစားတတ်တဲ့သူမျိုးလည်းဖြစ်နေပါတယ်။ အချက်အလက်တွေကိုပြန်ကြည့်လိုက်ရင် Treble ရတဲ့နှစ်ကတောင် Grealish ရဲ့စွမ်းဆောင်ရည်ကို Pep တယောက် သိပ်အထင်တကြီးမရှိလှဘူးဆိုတာတော့ မြင်ရပါတယ်။

အဲ့ဒါနဲ့ပဲ Grealish ဟာ Evertonကို ပြောင်းရွှေ့လာခဲ့ပါတယ်။ Everton နဲ့ ပွဲဦးထွက်ကစားခွင့်ရတဲ့ နေ့မှာတော့ အရာအားလုံး ပြန်လည်ပြောင်းလဲသွားပါပြီ။အဲဒီနေ့က Grealish ကို ပြန်လည်မြင်တွေ့ရတဲ့နေ့လဲဖြစ်ပါတယ်။ Aston Villa မှာတုန်းကလို တိုက်ခိုက်မှုနဲ့ ဖန်တီးမှုကို အပြည့်အဝပြန်လည်ပြသနိုင်ခဲ့တဲ့နေ့ပါ။ ကွင်းထဲဝင်လာချိန်တင် ပရိသတ်တွေထံက အားပေးမှု အံ့သြစရာပါ။ ပထမဆုံးမိနစ်၂၀ အတွင်း လိမ်ခေါက်ကျော်ဖြတ်မှုတွေ၊ တိုက်ရိုက်ကျတဲ့တိုက်စစ်ဆင်မှုတွေအပြင် ယုံကြည်မှုတွေပါ ပြန်လည်တွေ့မြင်ခဲ့ရပါတယ်။ Moyes က သူ့ကို တိုက်ရိုက်အသုံးချပြီး၊ တိုက်စစ်အရင်းအမြစ်အဖြစ်တည်ပြီးကစားတာပါ။ သူ့ကိုယ်ပိုင်စွမ်းရည်တွေကို အပြည့်အဝသုံးစွဲခွင့်ရသလို၊ ဖိအားလဲတော်တော်လေး ကင်းကင်း ကစားနိုင်ခဲ့ပါတယ်။

ဒီအချိန်မှာ မေးခွန်းတွေပေါ်လာပါတယ် – Grealish ဟာ City မှာ Fail ဖြစ်ခဲ့တဲ့ ကစားသမားလား? ဒါမှမဟုတ် သူ့စတိုင်နဲ့ မကိုက်တဲ့ နည်းပြအောက်မှာ ကံမကောင်းတာလား? ဆိုတဲ့မေးခွန်းတွေပါ။ Everton debut မှာပြသခဲ့တဲ့အတိုင်းဆိုရင်၊ အမှန်တကယ် စွမ်းဆောင်ရည်မကျသေးဘဲ လိုက်ဖက်တဲ့အသင်းနဲ့ နည်းပြကိုသာ လိုအပ်နေခဲ့တာဖြစ်ပါတယ်။ သူ့အသက် ၂၉ နှစ်ဆိုတာ သုံးနှစ်လောက် အနည်းဆုံးထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်းရှိသေးတဲ့အရွယ်ဖြစ်ပြီး၊ Everton ကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် တကယ့် Grealish အစစ်ကိုပြန်မြင်ရတော့မှာဖြစ်ပါတယ်။

author avatar
Innwas Editor