Innwa-Ads-Banner-1-1170X200

ကျွန်တော်ကို အချိန်ပေးပါ– Florian Wirtz”

Florian Wirtz ဟာ Premier League ကို မျှော်လင့်ချက်တွေနဲ့အတူ ဖိအားတွေကိုပါ ယူဆောင်လာခဲ့သူပါ။ Bayer Leverkusen နဲ့ Bundesliga မှာ ထွက်ပေါ်လာခဲ့ပြီးကတည်းက ဥရောပရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့်တစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူလဲဖြစ်ပါတယ်။ ဘောလုံး Vision , ဘောလုံးနည်းစနစ်၊ တခြားသူတွေ မမြင်နိုင်တဲ့ ကွာဟချက်တွေကို ရှာဖွေနိုင်တဲ့ ဗီဇနဲ့ပြည့်စုံတဲ့ ဖန်တီးနိုင်စွမ်းရှိ အလယ်တန်းကစားသမားတစ်ဦးပါ။ သူ့ရဲ့ လက်ရှိပရီးမီးယားလိဂ်ခရီးကြမ်းကို စတင်နေတဲ့အချိန် ဖြစ်တဲ့အတွက် အရမ်းမလွယ်ကူဘူးဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ Premier League ဟာ မတူညီတဲ့ စစ်မြေပြင်ပါ။ Wirtz လိုကစားသမားအတွက်ကတော့ အချိန်ဟာ အရေးကြီးဆုံးပါပဲ။

Leverkusen မှာ သူကစားတာကို ကြည့်ရင်း Wirtz ဟာ လွတ်လွတ်လပ်လပ် ကစားနေသလို ခံစားရမှာပါ။ Granit Xhaka က အလယ်တန်းကို ဒိုင်ခံကာပေးထားတယ်၊ Jeremie Frimpong နဲ့ Alejandro Grimaldo တို့က ဖြည့်ဆည်းပေးတယ်၊ Xabi Alonso က Wirtz အနေနဲ့ ပွဲတိုင်းကို ရုန်းကန်စရာမလိုဘဲ သူ့ကိုယ်သူဖော်ပြနိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားတဲ့ စနစ်တစ်ခုအတွင်းမှာ ကစားစေခဲ့တာပါ။ Premier League မှာတော့ သူ့မှာ အဲဒီလို ပုံစံမျိုးမရှိတော့ပါဘူး။ ပွဲစဉ်တိုင်းက ပိုမြန်တယ်၊ စိန်ခေါ်မှုတိုင်းက ပိုခက်ခဲတယ်၊ ခံစစ်သမားတွေက မညှာတာပါဘူး။ Premier League မှာ ဆိုရင် ဘောလုံးတိုင်းက စက္ကန့်ပိုင်းအတွင်း ရယူခံရမယ်၊ ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုတွေများမယ်။ အထူးသဖြင့် စကေးဦးစားပေးကစားသမားတွေအပေါ်မှာ ဒီအချက်ဟာ ပိုလို့တောင် ဖိအားပေးနေပါတယ်။

ဒါကြောင့်မို့လို့ – Wirtz ကို အချိန်ပေးဖို့ ကျွန်တော်တို့ပြောရမှာပါ။ သူဟာ စကေးချို့တဲ့လို့ ရုန်းကန်နေရတာမဟုတ်ပါဘူး။ သူရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ သူရဲ့First Touch၊ သူ့ရဲ့ ဖန်တီးနိုင်စွမ်း – ဒီအရည်အသွေးတွေအားလုံး သူ့မှာရှိနေဆဲပါပ။ သူလိုအပ်နေတဲ့ အင်္ဂလန်မှာ အောင်မြင်ဖို့ဆိုရင် လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာအခြေခံကို တည်ဆောက်ဖို့ အချိန်ပါပဲ။ Premier League ကွင်းလယ်တန်းတိုက်ပွဲတွေဟာ နည်းစနစ်တစ်ခုတည်းနဲ့ မပြီးပါဘူး၊ ဒီအချက်တွေဟာ သည်းခံနိုင်စွမ်း၊ ခွန်အား နဲ့ ခံနိုင်ရည်ရှိမှုအပေါ်မှာလည်း မူတည်နေပါတယ်။ Kevin De Bruyne၊ Martin Ødegaard၊ နဲ့ Bruno Fernandes တို့လို ကစားသမားတွေဟာလည်း ဒီပတ်ဝန်းကျင်ထဲကို ဝင်ဆန့်အောင် ကြိုးစားခဲ့ကြရတာပါ။ ဒါဟာ ခုရေတွင်းတူး ခုရေကြည်သောက်လို့ရတာမျိုး မဟုတ်ပါဘူး။

Wirtz ဟာ အခုထိ အသက် ၂၂ နှစ်ပဲရှိသေးတယ်ဆိုတာကို လူတွေမေ့နေကြတယ်။ သူ့အသက်အရွယ်မှာ ထာဝရအကောင်းဆုံးကစားသမားများ ကိုယ်တိုင် အမှားတွေလုပ်နေဆဲ၊ သင်ယူနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးကမ္ဘာကတော့ အမြန်ဆုံးတုန့်ပြန်မှုတွေပေးနေကြတယ်။ ပွဲအနည်းငယ်ပဲ ကစားပြီးဝေဖန်သူတွေက Wirtzဟာ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းနိုင်သေးဘူးလို့ ပြောကြတယ်။ ဒါပေမယ့် ဒီအသံတွေဟာ Premier League ဆိုတာကိုလျစ်လျူရှုထားကြတယ်။ တူညီတဲ့ကလပ်နဲ့ တူညီတဲ့လိဂ်ကနေ လာခဲ့တဲ့ Kai Havertz ဆိုရင်တောင် အင်္ဂလိပ်ဘောလုံးမှာ သူ့နေရာကို ရှာနိုင်ဖို့ ရာသီနှစ်ခုနီးပါးကြာခဲ့တယ်။ Wirtz ဟာ ဆင်တူတဲ့လမ်းကြောင်းကို လျှောက်နေတာပါ၊ ဒါပေမယ့် စိတ်ရှည်သည်းခံမှုပေးမယ်ဆိုရင် သူ့ရဲ့အစွမ်းစက ပိုတောင်မြင့်နိုင်ပါသေးတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်က ပြောင်းလွယ်ပြင်လွယ်ရှိမှုပါ။ ဂျာမနီမှာ သူဟာ အများအားဖြင့် နံပါတ် ၁၀ နေရာမှာကစားတယ်၊ တိုက်စစ်မှူးရဲ့နောက်မှာ လွတ်လွတ်လပ်လပ်ရွေ့လျားနိုင်တယ်။ Liverpool လို switch play အရမ်းကစားတဲ့ အသင်းမှာ နည်းစနစ်တွေက ပိုများတယ်၊ အခန်းကဏ္ဍတွေက ပိုတောင်းတတယ်။ ဒီ switch playမှာနည်းဗျူဟာပိုင်းဆိုင်ရာ improvement လိုအပ်တယ်။ သူဟာ တာဝန်သစ်တွေကို သင်ယူရမှာဖြစ်ပြီး ဒီလိဂ်မှာ သူအတွက် အကောင်းဆုံးနေရာကို ရှာဖွေနေဆဲအချိန် ချက်ချင်းခြေစွမ်းပြတာကို မျှော်လင့်တာဟာ မမျှတပါဘူး။

ဒီလို ကာပြောပေးတာဟာ မှားယွင်းစရာအကြောင်းမရှိပါဘူး– Wirtz ရဲ့ စွမ်းရည်ထက်မြက်မှုအရိပ်အယောင်တွေဟာ ရှိနေပြီးသားပါ။ ဖိအားအောက်မှာ ထိတွေ့မှုသေးသေးလေးတွေ၊ လိုင်းတွေကို ခွဲထုတ်လိုက်တဲ့ ပေးပို့မှုတွေ၊ half spaces တွေမှာ ဘောလုံးကိုလက်ခံဖို့ သတ္တိရှိမှုတွေပါပဲ။ ဒါတွေဟာ ထိပ်တန်းအဆင့် ကစားသမားတစ်ဦးရဲ့ ဝိသေသတွေပါပဲ။ Wirtz ရုန်းကန်နေရတာက ကိုယ်ခန္ဓာ ညှပ်နေတာပါ၊ ခန္ဓာကိုယ်ဟာ လိဂ်ရဲ့ စည်းချက်ကို လိုက်လျောညီထွေဖြစ်လာတဲ့အခါ သေချာပေါက် ခြေစွမ်းပြလာနိုင်ပါလိမ့်မယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ထက်မြက်လာတဲ့အခါ ပိုမြန်လာမယ်၊ ပိုအားကောင်းလာမယ်၊ မိနစ် ၉၀ ကျော် ပိုခံနိုင်ရည်ရှိလာမယ် ၊ ပြိုင်ဘက်ကစားသမားတွေနဲ့ ဘောလုံးယှဉ်လုခါနိုင်မယ်– ဒီတွေအားလုံးဟာ စွမ်းဆောင်ရည် အကောင်းဆုံးအခြေနေကိုဖြစ် ပြောင်းလဲသွားမှာပါ။

ဖိအားက လူငယ်ကစားသမားတစ်ဦးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို သတိရဖို့လည်း လိုပါတယ်။ Wirtz ဟာ ကလပ်ပဲပြောင်းလာတာမဟုတ်ပါဘူး။ အမှားတိုင်းကို ပုံကြီးချဲ့ထွင်ပြသလေ့ရှိတဲ့ လိဂ်ကို ဝင်ရောက်လာခဲ့တာပါ။ မီဒီယာရဲ့ မီးမောင်းထိုးမှုက ပိုပြင်းထန်တယ်၊ ပရိသတ်တွေက ပိုကျယ်လောင်တယ်၊ ကစားပွဲရဲ့ အရှိန်ဟာ သံသယဝင်စရာအခွင့်အရေးမရှိစေရပါဘူး။ ဒီလိုပတ်ဝန်းကျင်မျိုးအတွက် စိတ်ပိုင်းဆိုင်ရာ ခိုင်မာမှုကို လိုအပ်တယ်၊ စိတ်ခိုင်မာမှုကို ချက်ချင်းဖွံ့ဖြိုးအောင် မလုပ်နိုင်ပါဘူး။ ဒါဟာ အတွေ့အကြုံကနေ သင်ယူညှိနှိုင်းရတဲ့ အပတ်စဉ်ပွဲတိုင်းကနေ ဖြစ်ပေါ်လာတာပါ။ ဒါကြောင့်မို့လို့ ဝေဖန်မှုလုပ်တာထက် ပရိသတ်တွေက အားပေးသင့်ပါတယ်။ ပြီးပြည့်စုံတဲ့ ထုတ်ကုန်တွေနဲ့ သူ့ကိုနှိုင်းယှဉ်တာထက်၊ သူ့ကိုယ်သူ ဖွံ့ဖြိုးလာနိုင်ဖို့ အချိန်၊နေရာပေးသင့်ပါတယ်။

တကယ်တော့ သမိုင်းမှာလဲ ဒီလို အခြေနေတွေ အများကြီးရှိပါတယ်။ Luka Modrić Tottenham ကို ပထမဆုံးရောက်တဲ့အချိန်ကို ကြည့်ပါ။ အင်္ဂလိန်ဘောလုံးအတွက် “သေးညှပ်လွန်းတယ်” လို့ တံဆိပ်ကပ်ခံခဲ့ရတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူဟာ တိုးတက်လာတယ်၊ ခန္ဓာကိုယ်ကို ဖွံ့ဖြိုးအောင်လုပ်တယ်၊ နောက်ဆုံးမှာတော့ သူ့မျိုးဆက်ရဲ့ အကောင်းဆုံးအလယ်တန်းကစားသမားတစ်ဦးဖြစ်လာတယ်။ Riyad Mahrez ကို ကြည့်ပါ – Leicester မှာ သူ့ရဲ့အစောပိုင်းကာလတွေဟာ Premier League ရဲ့ ရုပ်ပိုင်းဆိုင်ရာဘက်ခြမ်းကို သူကိုင်တွယ်နိုင်ပါ့မလားလို့ လူတွေမေးခွန်းထုတ်ခဲ့ကြတယ်။ အချိန်ကြာလာတာနဲ့အမျှ သူဟာ ချန်ပီယံဖြစ်လာပြီး ကမ္ဘာ့အန္တရာယ်အရှိဆုံး တောင်ပံကစားသမားတစ်ဦးဖြစ်လာတယ်။ Florian Wirtz ဟာလည်း ဆင်တူတဲ့လမ်းကြောင်းကို လျှောက်နေတာပါ။

ဒါကြောင့် မက်ဆေ့ဂျ်က ရှင်းတယ်- Wirtz ကို အချိန်ပေးပါ။ မိနစ် ၄၀၀လောက်နဲ့ မဆုံးဖြတ်ပါနဲ့၊ ရာသီတစ်ခု ဒါမှမဟုတ် နှစ်ခုစာအတွေ့အကြုံတွေအပြီးမှာ သူဖြစ်လာမယ့် ကစားသမားဘဝကို ဆုံးဖြတ်ပါ။ သူ့ကို ညှိုနိုင်ခွင့်ပေးပါ၊ သူ့ကို ရှုံးနိမ့်ခွင့်ပေးပါ၊ သူ့ကို သင်ယူခွင့်ပေးပါ – ဘာလို့လဲဆိုတော့ ဒီလိုရှားပါးတဲ့ ပါရမီဟာ ပျောက်ကွယ်မသွားလို့ပါပဲ။ ဒါမျိုးဟာ ပတ်ဝန်းကျင်ကောင်းကိုသာ လိုအပ်တာပါ။ သူ့ရဲ့ သဘာဝလျောက်ဖန်တီးနိုင်စွမ်းနဲ့ Premier League ရဲ့ ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုတွေကြားက ဟန်ချက်ညီမှုကို သူရှာတွေ့တဲ့အခါ ဂျာမနီမှာ ကျွန်တော်တို့ချီးကျူးခဲ့ရတဲ့ ကစားသမားဟာ ပိုအားကောင်းလာပြီး ပိုထက်မြက်လာကာ ပိုပြည့်စုံလာမှာပါ။

Florian Wirtz အတွက်ကတော့ ဒါဟာ အဆုံးသတ်မဟုတ်ပါဘူး၊ ရှည်လျားတဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရဲ့ အစပဲရှိသေးတာပါ။ နောက်ဆုံးမှာတော့ သူဟာ ပရီးမီးယားလိဂ်စက်ဝန်းထဲကို ဝင်ရောက်လာတဲ့အခါ သံသယဝင်နေသူအရင်ဆုံး သူ့ကို ပထမဆုံးလက်ခုပ်တီးကြမှာပါ။ ဒါကြောင့်မို့လို့ ထပ်ပြီးပြောရမယ်၊ ဝေဖန်သူတွေနဲ့ ပရိသတ်တွေအားလုံးကို – give time to him, give time to Florian Wirtz.

author avatar
Innwas Editor