Manchester United ပရိသတ်တွေအတွက်တော့ ဒီမြင်ကွင်းဟာ ရိုးအီနေတဲ့ ရုပ်ရှင်ဟောင်းတစ်ပုဒ်ကို ပြန်ကြည့်နေရသလိုပါပဲ။ Ruben Amorim ရောက်လာတုန်းက ‘ဒါဟာ ငါတို့စောင့်မျှော်ခဲ့တဲ့ လူပဲ’ လို့ ယုံကြည်ခဲ့ကြပေမဲ့၊ အခုတော့ အဲဒီယုံကြည်မှုတွေဟာ Old Trafford ရဲ့ မြူနှင်းတွေကြားမှာ ပျောက်ကွယ်သွားခဲ့ပြန်ပါပြီ။ အားလုံးရဲ့ ရင်ထဲမှာတော့ မေးခွန်းတစ်ခုပဲ ရှိပါတယ်… ‘Amorim ကို ထုတ်ပယ်တာ တကယ်ပဲ မှန်ရဲ့လား ဒါမှမဟုတ် အမှားလား?’ ဆိုတာပါပဲ။
ဒါဟာ ‘အမှား’ လို့ ဆိုရတာထက် ‘ကြောက်စိတ်’ နဲ့ ‘မာန်မာန’ တို့ ပေါင်းစပ်သွားတဲ့ ဆုံးဖြတ်ချက်လို့ မြင်ပါတယ်။ Upper Management ကတော့ သူတို့ချမှတ်ထားတဲ့ စနစ်ထဲကို နည်းပြက ဝင်လာတာမျိုးမဟုတ်ဘဲ အဲ့ဒီနည်းပြက သူတို့ကို ပြန်လည်လွှမ်းမိုးဖို့ ကြိုးစားတာကို လက်မခံနိုင်ခဲ့ကြပါဘူး။ ဒါဟာ ယူနိုက်တက်ကို ‘သံသရာချာချာလည်နေစေတဲ့ အမှားဟောင်း’ တွေဆီ ပြန်ပို့လိုက်တာပါပဲ။ အခုတော့ အဲဒီအပင်လေးဟာ အမြစ်မတွယ်ခင်မှာပဲ အပြတ်နှုတ်ခံလိုက်ရပါပြီ။
Reality Check ပြန်ကြည့်ရင် ဒီဇာတ်လမ်းရဲ့ နောက်ကွယ်က စိတ်ဝင်စားစရာ အချက်တွေကို တွေ့နိုင်ပါလိမ့်မယ်။ အဲ့ဒီထဲက တစ်ခုက United ဟာ သူတို့ရဲ့ ကိုယ်ပိုင် Identity (မည်သူမည်ဝါဖြစ်ခြင်း) ကို ပျောက်ဆုံးနေတာပါ။ နည်းပြအသစ်တိုင်းက သူတို့ရဲ့ စတိုင်ကို ယူဆောင်လာကြတယ်၊ ဒါပေမဲ့ ရလဒ်မကောင်းတာနဲ့ အကုန်ဖျက်ပြီး အစက ပြန်စကြပြန်တယ်။ အခု ရေပန်းစားနေတဲ့ Amorim အလွန် နာမည်တွေကို ကြည့်လိုက်ပါ။ Xavi ရဲ့ စပိန်စတိုင်လား၊ Gareth Southgate ရဲ့ တည်ငြိမ်မှုလား၊ ဒါမှမဟုတ် Michael Carrick နဲ့ Ole Gunnar Solskjaer တို့လို အသင်းရဲ့ DNA ကို သိတဲ့သူတွေလား?
အထူးသဖြင့် Michael Carrick ကို ကြည့်ရင် သူဟာ Manchester United ကို အေးအေးဆေးဆေးနဲ့ ထိန်းကျောင်းနိုင်စွမ်း ရှိသူပါ။ ဖာဂူဆန်ခေတ်ရဲ့ နောက်ဆုံးလက်ကျန် ပညာတွေကို အိတ်သွန်ဖာမှောက် ရထားသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မေးစရာရှိတာက… ဘုတ်အဖွဲ့က ကာရစ်ကိုရော အချိန်ပေးမှာလား? ဒါမှမဟုတ် အာမိုရင်လိုပဲ ခဏလေးနဲ့ လမ်းခွဲဦးမှာလား…ဆိုတာပါပဲ။
နောက်တစ်ခုက ကွင်းထဲက ရလဒ်တွေထက် ပိုဆိုးတဲ့ ‘Beef’ တစ်ခု ရှိနေခဲ့တာပါ။ Amorimနဲ့ United ရဲ့ Upper Management ကြားက ထိပ်တိုက်တွေ့မှုလို့ဆိုလို့ရပြီး သတင်းရင်းမြစ်တွေအရ Amorim ဟာ သူ့ရဲ့ 3-4-3 ကစားကွက်အတွက် လိုအပ်တဲ့ ကစားသမားသစ်တွေကို ဇန်နဝါရီမှာ အမြန်ဆုံးခေါ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့၊ INEOS နဲ့ ဘုတ်အဖွဲ့ကတော့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို အကြောင်းပြပြီး ငြင်းဆန်ခဲ့ပါတယ်။ Amorim က ‘ငါ့နည်းစနစ်ကို လိုချင်ရင် ငါ့လူတွေကို ပေး’ လို့ ဆိုခဲ့ပြီး၊ management ကတော့ ‘ရှိတဲ့လူနဲ့ အလုပ်ဖြစ်အောင်လုပ်’ ဆိုတဲ့ အားပြိုင်မှုကနေ အက်ကြောင်းတွေ စတင်ခဲ့တာပါ။
ဒီအချက်တွေကိုပေါင်းပြီး Manchester United နဲ့ Ruben Amorim တို့ရဲ့ လမ်းခွဲမှုဟာ အမှားလား၊ အမှန်လား ဆိုတာကို သုံးသပ်ကြည့်ရင် ဒါဟာ ဘောလုံးလောကရဲ့ ထာဝရအငြင်းပွားဖွယ်ရာ “ ရေတိုရလဒ် VS ရေရှည်စီမံကိန်း” ပြဿနာဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ Amorim ကို ထုတ်ပယ်လိုက်တာဟာ ‘ရလဒ်’ အတွက်တင်မကဘဲ ‘အာဏာအားပြိုင်မှု’ ရဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။ Manchester United ဟာ နည်းပြကောင်းတွေကို ရှာဖွေနေတာထက်၊ နည်းပြနဲ့ စီမံခန့်ခွဲမှုအဖွဲ့ကြားက ယုံကြည်မှုကို အရင်တည်ဆောက်ဖို့ လိုအပ်နေပါပြီ။ အဲဒီလိုမှမဟုတ်ရင်တော့ ဘယ်လောက်တော်တဲ့နည်းပြပဲလာလာ ဒီသံသရာထဲမှာပဲ လည်နေဦးမှာပါ။
“ အိမ်မက်ဇာတ်ခုံကတော့ ဆက်လက် ကပြနေဦးမှာပါ။ ဒါပေမဲ့ ဇာတ်လိုက်မင်းသားကတော့ ခဏခဏ ပြောင်းနေဦးမှာပါပဲ။”