Innwa-Ads-Banner-1-1170X200

Old Trafford မှ လှောင်ပြောင်သံများ – Ruben Amorim အတွက် ခက်ခဲခဲ့သော ညတစ်ည

ဒဏ်ရာရကစားသမား ၈ ဦးအထိရှိနေတဲ့ Manchester United အတွက် ဇယားအောက်ခြေက Wolves နဲ့ ပွဲစဉ်ဟာ အခွင့်အရေးကောင်းတစ်ခု ဖြစ်သင့်ပေမဲ့ လက်တွေ့မှာတော့ Ruben Amorim ရဲ့ အသင်းဟာတော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ Ruben Amorim ရဲ့ အသင်းဟာ အကြီးအကျယ် ရုန်းကန်ခဲ့ရပြီး Bruno Fernandes၊ Bryan Mbeumo နဲ့ Harry Maguire တို့ မပါဝင်နိုင်တာက United ရဲ့ စုစည်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တာပါ။

အသင်းရဲ့ တိုက်စစ်ဟာ ဟိုတစ်ကွက် ဒီတစ်ကွက်သာ ရှိခဲ့သလို ပထမပိုင်းမှာ ရခဲ့တဲ့ Joshua Zirkzee ရဲ့ ဦးဆောင်ဂိုးဟာလည်း Ladislav Krejci နဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားတဲ့ ကံကောင်းမှုကြောင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မစခင်မှာပဲ Czech ကစားသမားက ချေပဂိုး ပြန်သွင်းခဲ့နိုင်ခဲ့သလို Wolves တို့အနေနဲ့ ဒီရာသီရဲ့ ပထမဆုံးသော သမိုင်းဝင် အနိုင်ဂိုးကိုတောင် ရသွားနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။

ပွဲပြီးခါနီး Jhon Arias ရဲ့ ကန်ချက်ကို Senne Lammens က ကာကွယ်နိုင်ခဲ့သလို Rob Edwards ရဲ့ ဧည့်သည်အသင်းက ဆက်တိုက် ခြိမ်းခြောက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ပွဲကစားချိန် ၈၉ မိနစ်မှာ Patrick Dorgu က အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့် လူကျွံနေတာကြောင့် ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။ United ရဲ့ ဒဏ်ရာရ ကစားသမားစာရင်း များပြားနေသည့်တိုင် ချန်ပီယံလိဂ် ဝင်ခွင့်ကို မျှော်မှန်းထားတဲ့ အသင်းတစ်သင်းအနေနဲ့ တန်းဆင်းဇုန်ထဲက အသင်းကို အိမ်ကွင်းမှာ အနိုင်ရသင့်တာပါ။ ပွဲအပြီးမှာတော့ အိမ်ကွင်း ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေက ကွင်းလုံးညံသွားခဲ့ပြီး ဒါဟာ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို Amorim ထံ တိုက်ရိုက် သတင်းစကား ပါးလိုက်တာပဲ ဖြစ်ပါတယ်။

Amorim ကတော့ ဒီပွဲဟာ ဆန်းကြယ်တဲ့ ပွဲတစ်ပွဲဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ဖန်တီးမှုနဲ့ အချိတ်အဆက်တွေ အားနည်းခဲ့ကြောင်း ဝန်ခံသွားပါတယ်။ အထူးသဖြင့် ကွင်းလယ်မှာ Casemiro နဲ့ Ugarte တို့ တွဲဖက်ကစားတဲ့အခါ Bruno ဒါမှမဟုတ် Kobbie Mainoo တို့ ရှိနေသလောက် ကစားကွက် မစိုပြေဘူးလို့ သူက ဆိုပါတယ်။ ကစားသမားတွေ မစုံတာကို ဆင်ခြေအဖြစ် အသုံးမပြုလိုဘဲ ဒဏ်ရာရနေသူတွေ ပြန်လာရင်တော့ အသင်း ပြန်လည် တောင့်တင်းလာမယ်လို့ ယုံကြည်နေတာပါ။ ပွဲမစခင်မှာ Mason Mount ပါ ဒဏ်ရာ ထပ်ရသွားတာကြောင့် Zirkzee ကို ညာဘက်အခြမ်း No 10 နေရာမှာ ထည့်သွင်း အသုံးပြုခဲ့ရပါတယ်။

Wolves အသင်းဟာ ပွဲစကတည်းက United ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး Amorim ကို စိတ်ပျက်စေခဲ့ပါတယ်။ ပွဲကစားချိန် အတန်ကြာမှာတော့ Ayden Heaven က Wolves ကစားသမားဆီက ဘောလုံးလုယူကာ အားသွန်ခွန်စိုက် ဆွဲတက်သွားရာကနေ Zirkzee ရဲ့ ကံပါတဲ့ ဦးဆောင်ဂိုး ရရှိခဲ့တာပါ။ United ရဲ့ ခံစစ်ပိုင်းက အားနည်းချက်တွေ ပြန်ပေါ်လာပြီး Hugo Bueno ရဲ့ ထောင့်ကန်ဘောကနေတဆင့် Krejci က အနီးကပ် ခေါင်းတိုက်ကာ ချေပဂိုး သွင်းယူသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ Amorim က Zirkzee ကို လူစားလဲပြီး အသက် ၁၈ နှစ်အရွယ် Jack Fletcher ကို ထည့်သွင်းကာ ကစားကွက် ပြောင်းလဲဖို့ ကြိုးစားခဲ့ပါသေးတယ်။

ပွဲပြီးခါနီးအထိ Wolves တို့ဟာ ဒီရာသီရဲ့ တတိယမြောက် ရမှတ်ကို ရယူဖို့ နီးစပ်ခဲ့သလို United ကတော့ တိုက်စစ်ဆင်ရင်း အမှားအယွင်းတွေနဲ့သာ လုံးလည်ချာလည်လိုက်နေခဲ့ပါတယ်။ Wolves ရဲ့ အခွင့်အရေးအချို့ကို ဂိုးသမား Lammens က ကာကွယ်နိုင်ခဲ့လို့သာ United တို့ သက်သာရာ ရခဲ့တာပါ။ Wolves နည်းပြ Edwards ကတော့ သူ့ကစားသမားတွေရဲ့ ကြိုးစားမှုကို ကျေနပ်နေပေမယ့် ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။