ဘောလုံးရာသီတစ်ခုရဲ့ ဒီချိန်ကာလာဟာ ဥရောပတိုက်က အင်အားကြီးအသင်းတွေရဲ့ အားပြိုင်မှု အရှိန်အဟုန်အကောင်းဆုံး ကာလလို့ဆိုရမှာပါ။ လူအင်အား၊ ကစားကွက်နဲ့ ရလဒ်ပိုင်းတွေအရ လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်နေတဲ့ ထိပ်သီး ၅ သင်းအကြောင်းကို သုံးသပ်ကြည့်ရအောင်ပါ။
၁။ အာဆင်နယ် (Arsenal) – မြောက်လန်ဒန်ရဲ့ ရွှေခေတ်သစ်
လက်ရှိ ဥရောပရဲ့ နံပါတ် (၁) နေရာမှာတော့ အာဆင်နယ်က ရပ်တည်နေပါတယ်။ နည်းပြ အာတီတာရဲ့ ၅ နှစ်တာ တည်ဆောက်မှုဟာ အခုဆိုရင် အသီးအပွင့်တွေ စတင်စံစားနေရပြီဖြစ်ပြီး အသင်းရဲ့ စုစည်းမှုကလည်း အားရစရာပါ။ ဆာလီဘာနဲ့ ဂါဘရီရယ်တို့ရဲ့ ခံစစ်က ကမ္ဘာ့အကောင်းဆုံးခံစစ်လို့ သတ်မှတ်လို့ ရသလို ၊ကွင်းလယ်မှာ အိုဒီဂတ်နဲ့ ရိုက်စ်တို့ ရဲ့ ဖန်တီးမှုတွေကလည်း ထ်ိပ်တန်းအဆင့်အတန်းတစ်ခုမှာ ရှိနေပါတယ်။ အာဆင်နယ်ဟာ အခုဆိုရင် အသင်းငယ်တွေကိုတင်မကဘဲ ဥရောပထိပ်သီးအသင်းတွေကိုပါ အသာစီးကစားနိုင်တဲ့ “ Winner Mentality” ပိုင်ဆိုင်နေပြီဖြစ်လို့ ဒီနှစ်မှာ ဖလားကြီးတွေ သိမ်းပိုက်ဖို့ အနီးစပ်ဆုံးအသင်းဆိုလဲ မမှားပါဘူး။
၂။ မန်ချက်စတာ စီးတီး (Manchester City) – ရပ်တန့်မရတဲ့ စက်ယန္တရား
ဒုတိယနေရာမှာတော့ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးက အရှိန်အဟုန်မပျက် ဆက်ရှိနေဆဲပါ။ အသင်းမှာ အာလင်း ဟာလန်းဆိုတဲ့ ဂိုးသွင်းစက်ကြီး ရှိနေသရွေ့ မန်စီးတီးကို ဘယ်အသင်းကမှ လျှော့တွက်လို့မရပါဘူး။ ဒီရာသီမှာလည်း သူတို့ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားတဲ့ပုံစံက ပြိုင်ဘက်တွေကို အသက်ရှူရကျပ်နေဆဲပါ။ အဓိကကစားသမားတချို့ ဒဏ်ရာ အနာတရနဲ့အပြောင်းအလဲရှိပေမဲ့ စီးတီးရဲ့ အရန်အင်အား တောင့်တင်းမှုက သူတို့ကို ရေရှည်ပြိုင်ပွဲတွေမှာ အမြဲတမ်း အားသာချက် ရနေစေတာလည်း ဖြစ်ပါတယ်။
၃။ ဘိုင်ယန်မြူးနစ် (Bayern Munich) – ဂျာမန်ဘီလူးကြီးရဲ့ ပြန်လာခြင်း
ပြီးခဲ့တဲ့ရာသီက အမှားတွေကို ပြင်ဆင်ပြီး ဒီနှစ်မှာ ဘိုင်ယန်မြူးနစ်ဟာ ပိုမိုတောင့်တင်းတဲ့ ပုံစံနဲ့ ပြန်လာခဲ့ပါတယ်။ ဟာရီကိန်းရဲ့ သွေးအေးအေးနဲ့ ဂိုးသွင်းယူနေမှုတွေအပြင်၊ မူစီယာလာ၊ အိုလစ်စ် တို့လို လူငယ်ကြယ်ပွင့်တွေရဲ့ တီထွင်ဖန်တီးမှုတွေက ဘိုင်ယန်ကို ဥရောပတိုက်ရဲ့ ထိပ်တန်းစာရင်းထဲ ပြန်လည်ရောက်ရှိစေခဲ့တာပါ။ ပထမဆုံးဘွန်ဒစ်လီဂါပွဲစဉ်စကတည်းက ဘိုင်ယန်ဟာ နည်းဗျူဟာပိုင်းအရ စည်းကမ်းမှုရှိမှု၊ တိုက်စစ်စွမ်းအားပြည့်ဝမှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတဲ့ အရာသုံးမျိုးကို ပေါင်းစပ်ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းရော ဥရောပမှာပါ သူတို့ကို ချေမှုန်းဖို့ ခက်ခဲနေကြတာပါ။
၄။ PSG (Paris Saint-Germain) – ကြယ်ပွင့်
စနစ်မှ အဖွဲ့လိုက်စနစ်သို့
PSG အသင်းဟာ အရင်ကလို နာမည်ကြီး ကစားသမားတွေကိုပဲ အားကိုးတာမျိုးမဟုတ်ဘဲ နည်းပြ လူးဝစ်င်းနရီကေးရဲ့ လက်အောက်မှာ အဖွဲ့လိုက် ကစားဟန် (Teamwork) ကို ပိုမိုဦးစားပေးလာတာ အားလုံးသိကြပါတယ်။ ဒါဟာ PSG အတွက် ပိုမိုထိရောက်တဲ့ ရလဒ်တွေကို ရယူနိုင်ခဲ့ပြီး လူငယ်ကစားသမားသစ်တွေရဲ့ မြန်ဆန်တဲ့ တိုက်စစ်ဆင်မှုတွေကြောင့် ဒီနှစ်မှာ PSG ဟာ ဖလားအားလုံးအတွက် စိန်ခေါ်မှုကြီးကြီးမားမား ပေးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။
၅။ ရီးရဲလ် မက်ဒရစ် (Real Madrid) – ဘုရင်တို့ရဲ့ တည်ရှိမှု
နံပါတ် ၅ နေရာမှာတော့ ဥရောပဘုရင် ရီးရဲလ်မက်ဒရစ် ရှိနေပါတယ်။ အမ်ဘာပေ၊ ဗီနီစီးယပ်စ်နဲ့ ဘယ်လင်ဂမ်တို့ရဲ့ တိုက်စစ်တန်းက တစ်ဦးချင်း အရည်အချင်းအရ ကမ္ဘာ့အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ တစ်ခါတလေ အသင်းလိုက်ကစားဟန် အနည်းငယ် ဟန်ချက်ပျက်တတ်ပေမဲ့ အဆုံးအဖြတ်လိုအပ်တဲ့ အချိန်တိုင်းမှာ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေက အမြဲတမ်း ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရီးရဲလ်ကို ဒီစာရင်းထဲက ဖယ်ထုတ်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။