Innwa-Ads-Banner-1-1170X200

“ဘင်ဖီကာ (သို့) ဘောလုံးကြယ်ပွင့်စက်ရုံ”

ဒီနေရာကို “ ဘောလုံးကြယ်ပွင့်စက်ရုံ” လို့ ခေါ်ကြတယ်။ကြယ်ပွင့်တွေ ဝယ်ယူတာမဟုတ်ဘဲ မွေးထုတ်ပေးတဲ့ နေရာတစ်ခုပေါ့။ ဘောလုံးပေးပို့မှုတိုင်း၊ ပြေးလွှားကစားဟန်နှုန်းတိုင်း၊ ရောင်းချမှုတိုင်းဟာ ကြီးမားတဲ့ ဘောလုံးဇာတ်ခုံတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတဲ့ နေရာတစ်ခုပါ။

ဒါကတော့ ဘင်ဖီကာ ရဲ့ ဇာတ်လမ်းပါ။ဆုဖလားတွေကနေ မဟုတ်ဘဲ ဘောလုံးပါရမီကို အသုံးချပြီး ယူရိုသန်းပေါင်းများစွာ ရှာနိုင်တဲ့ ပေါ်တူဂီဘောလုံးအသင်းကြီးရဲ့ အောင်ပွဲဇာတ်လမ်းပါ။ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဥရောပရဲ့ ထိပ်တန်းအသင်းတွေဟာ အောင်မြင်မှုတွေအတွက် ယူရိူဘီလီယံချီပြီး အကုန်အကျခံနေချိန်မှာ၊ ဘင်ဖီကာအသင်းဟာ သူတို့ရဲ့ လူငယ်အကယ်ဒမီနဲ့ ကင်းထောက်လုပ်ငန်းကွန်ရက်ကို ကမ္ဘာ့အမြတ်အများဆုံး ဘောလုံးစက်ရုံတစ်ခုအဖြစ် တိတ်တဆိတ် ပြောင်းလဲပစ်လိုက်ပါတယ်။

ဒါဟာ ကံကောင်းတာမဟုတ်ပါဘူး။
ဒါဟာ ဖွဲ့စည်းပုံပါ။
ဒါဟာ စိတ်ရှည်သည်းခံခြင်းပါ။
ဒါဟာ အကြီးကျယ်ဆုံး စီးပွားရေးလုပ်ငန်းပါပဲ။

ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ဘင်ဖီကာအသင်းဟာ ကစားသမားရောင်းချမှုကနေ ယူရိုဘီလီယံ၃၀ကျော် အမြတ်ငွေရှာခဲ့တယ်။စူပါစတားတွေကို စုစောင်းထားလို့ မဟုတ်ပါဘူး။သူတို့ကိုယ်တိုင် စူပါစတားတွေ ဖန်တီးနေကြလို့ပါ။

ဒီစနစ်ကြီးက “ဆေးရှယ်”လို့ခေါ်တဲ့ တေးဂတ်စ်မြစ်ကမ်းပါးမှာရှိတဲ့ ခေတ်မီတဲ့ လူငယ်လေ့ကျင့်ရေးစခန်းကနေ စတင်ပါတယ်။ အဲဒီမှာ အသက် ၈ နှစ်လောက်ကတည်းက ကလေးတွေကို ဘောလုံးကစားတတ်ဖို့သာမက ဘောလုံးကို တွေးခေါ်တတ်ဖို့ပါ သင်ကြားပေးတယ်။ လူငယ်နည်းပြတိုင်းဟာ တူညီတဲ့ ဗျူဟာကျတဲ့ ဝေါဟာရတွေကိုပဲ သုံးတယ်။လေ့ကျင့်ခန်းတိုင်းဟာ ပထမတန်းစားအသင်းရဲ့ ဒဿနကို ထင်ဟပ်နေတယ်။

ရလဒ်ကရော? စူပါးစတားလူငယ်ကစားသမားတစ်ယောက် ပေါ်ထွက်လာတဲ့အခါ သူဟာ အသင်းကြီးစနစ်ထဲကို အဆင်သင့်ဝင်ဆန့်နေပြီးသားဖြစ်နေတယ်။ လူငယ်အသင်းကနေ စီနီယာအသင်းကြီးဆီကူးပြောင်းရတဲ့ အချိန်ကုန်သက်သာရုံသာမက စွန့်စားရမှုလည်း နည်းတယ်။ João Félix, Rúben Dias, Gonçalo Ramos, Enzo Fernández တို့ဟာ ဒီလေ့ကျင့်ရေးစာအုပ်ထဲက အခန်းဆက်တစ်ခုစီပါပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝယ်၊ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးအောင်လုပ်၊ ဈေးကြီးကြီးနဲ့ ရောင်း… ဒါပေမယ့် အချိန်ကိုက်မှသာ ရောင်းချတာပါ။

အချိန်ကိုက်ရွေးချယ်မှုဟာ အရာအားလုံးပါပဲ။ ဘင်ဖီကာအသင်းဟာ ဘယ်တော့မှအလောတကြီးကစားသမားရောင်းလေ့မရှိပါဘူး။ သူတို့ရောင်းတဲ့အခါမှာလည်း လူအင်အားပြည့်ဝနေတဲ့ နေရာကနေပဲ ရောင်းချတယ်။ဥရောပရဲ့ ထိပ်တန်းအသင်းကြီးတွေဟာ အဆင်သင့်ဖြစ်နေပြီးသားကြယ်ပွင့်ကစားသမားတွေအတွက် အရမ်းတောင်းတနေကြောင်း၊ ပြီးတော့ ဒီတောင်းတမှုဟာ ဈေးတစ်ခုရှိကြောင်းကို သူတို့သိတယ်။

João Félix ကို တီကိုမက်ဒရစ်က ယူရို ၁၂၆ သန်းပေးပြီး ဝယ်ယူခဲ့တယ်။Rúben Dias ကို မန်ချက်စတာစီးတီးက ယူရို ၆၈ သန်း ပေးခဲ့ရတယ်။Enzo Fernández ကိုတော့ ရီဗါပလိတ်ကနေ ယူရို ၁၀ သန်းနဲ့ ဝယ်ထားပြီး ခြောက်လအကြာမှာပဲ ချဲလ်ဆီအတွက် ယူရို ၁၂၁ သန်းနဲ့ ရောင်းချလိုက်တယ်။

သဘောတူညီချက်တစ်ခုစီဟာ အမြတ်ငွေတစ်ခုတည်းအတွက်မဟုတ်ဘူး။ဒါဟာ အချိန်ကိုက်ရွေးချယ်မှု၊ ညှိနှိုင်းမှု နဲ့ ပုံရိပ်စီမံခန့်ခွဲမှု တို့ရဲ့ ရလဒ်ပါ။ဘင်ဖီကာအသင်းဟာ နောက်ထပ်ရောင်းချခွင့်အပိုဆောင်းကြေး (sell-on clauses) တွေ ဒါမှမဟုတ် စွမ်းဆောင်ရည်အပိုဆုငွေ (performance bonuses) တွေကို ထည့်သွင်းရောင်းချလေ့ရှိတယ်။လပေါင်းများစွာ၊ နှစ်ချီကြာပြီးမှ ပေါ်လာတတ်တဲ့ ဝှက်ထားတဲ့အမြတ်ငွေတွေပါပဲ။Félix ကို ဘာစီလိုနာကို ငှားရမ်းလိုက်တဲ့အခါမှာတောင် ဘင်ဖီကာအသင်းဟာ ရာခိုင်နှုန်းတစ်ခု ရရှိခဲ့သေးတယ်။Dias က မန်ချက်စတာစီးတီးမှာ အောင်မြင်မှုတွေရတဲ့အခါ အပိုဆုငွေတွေက သက်ရောက်သွားတယ်။

ဒါတွေဟာ ကစားသမားလဲလှယ်ပြောင်းရွှေ့မှုသက်သက်မဟုတ်ဘူး။ဒါတွေဟာ ရင်းနှီးမြုပ်နှံမှုတွေပါ။ ကွင်းပြင်ပေါ်မှာ ရင့်မှည့်လာတဲ့ စတော့(ခ်)ရှယ်ယာတွေပါ။ ကျန်တဲ့ဥရောပအသင်းတွေဟာ အဆင်သင့်ဖြစ်ပြီးသား ကစားသမားတွေနောက်ကို လိုက်နေချိန်မှာ၊ ဘင်ဖီကာအသင်းကတော့ စွမ်းရည်အလားအလာရှိသူတွေကို ရှာဖွေနေတယ်။သူတို့ရဲ့ တောင်အမေရိကကွန်ရက်… အထူးသဖြင့် အာဂျင်တီးနား၊ ဘရာဇီးနဲ့ ဥရုဂွေးမှာရှိတဲ့ ကွန်ရက်တွေဟာ ကျော်ကြားလာတယ်။သူတို့ဟာ ဗျူဟာကျတဲ့ ဉာဏ်ရည် (tactical IQ)၊ လိုက်လျောညီထွေရှိမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုလိုမျိုး တန်ဖိုးနိမ့်အရည်အသွေးတွေကို ရှာဖွေနေတယ်။

Enzo Fernández ကို ဝယ်ယူခဲ့တဲ့အချိန်မှာ ရီဗါပလိတ်မှာ ပြန်ဝယ်ယူနိုင်တဲ့အခွင့်အရေး (buy-back clause) ရှိတာကို သူတို့သိတယ်။သူတို့ဟာ အမြန်ဆုံးလှုပ်ရှားပြီး သဘောတူညီချက်ကို ချုပ်ဆိုကာ ခြောက်လအကြာမှာ ဝယ်ယူခဲ့တဲ့ဈေးထက် ဆယ်ဆပိုတဲ့ဈေးနဲ့ ရောင်းချလိုက်တယ်။ ဒါဟာ ကံကောင်းတာမဟုတ်ဘူး။ ဒါဟာ ကင်းထောက်စီးပွားရေး (scouting economics) ပါ။

ဒါပေမယ့် ဘင်ဖီကာရဲ့ ဝှက်ထားတဲ့အမြတ်ငွေတွေဟာ ဒီထက်ကို ပ််ိုနက်ရှိုင်းပါသေးတယ်။အဓိကရောင်းချမှုတိုင်းဟာ အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ မြင်သာမှုကို မြင့်တက်စေတယ်။ “ ဘင်ဖီကာအသင်းဟာ စူပါစတားကစားသမားကို ယူရို ၁၀၀ သန်းနဲ့ ရောင်းလိုက်ပြီ” ဆိုတဲ့ ခေါင်းကြီးပိုင်းသတင်းတိုင်းဟာ နောက်ထပ်ပါရမီရှင်တစ်ယောက်ကို သူကစားရင်ရော၊ မကစားခင်ကတည်းက တန်ဖိုးပိုရှိလာအောင် လုပ်ဆောင်ပေးနေတယ်။ Sponsor တွေ တိုးလာတယ်၊ ရင်းနှီးမြှုပ်နှံသူတွေ ဖုန်းဆက်လာတယ်၊ လူငယ်ကစားသမားတွေဟာ “ဆေးရှယ်”ကို ဝင်ရောက်ဖို့ အိပ်မက်တွေမက်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဥရောပရဲ့ ထိပ်တန်းအသင်းတွေဆီရောက်ဖို့ အတည်ပြုပြီးသား လမ်းကြောင်းတစ်ခုဖြစ်နေလို့ပါပဲ။ဘင်ဖီကာအသင်းဟာ ကစားသမားတွေကို ရောင်းချတာထက် ပိုပါတယ်… သူတို့ဟာ အောင်မြင်ရေးလမ်းကြောင်း တစ်ခုကို ရောင်းချနေတာပါ။

ဒီအောင်မြင်ရေးလမ်းကြောင်းဟာ သူတို့ရဲ့ ကုန်အမှတ်တံဆိပ် (brand) ဖြစ်လာတယ်။ အခြားသူတွေက ရေတိုဆုဖလားတွေကို လိုက်ဖမ်းနေချိန်မှာ၊ ဘင်ဖီကာအသင်းကတော့ အချိန်အကြာကြီး ကစားတတ်တယ်။ သူတို့ဟာ ချန်ပီယံလိဂ်ဖလားကို အမြဲမနိုင်ပေမယ့် နေရာတစ်နေရာမှာအမြဲရှိတယ်။

ရောင်းချမှုတိုင်းဟာ နောက်ထပ် လူငယ်ကစားသမားစျေးကံက်အဆင့်မြှင့်တင်ရေး၊ နောက်ထပ် ကင်းထောက်၊ နောက်ထပ် ရှာဖွေရမယ့် Enzo အသစ်တစ်ယောက်အတွက် ရန်ပုံငွေထောက်ပံ့ပေးနေတယ်။ မျက်မှောက်ခေတ် ဘောလုံးမှာ ပိုက်ဆံဆိုတာ ပွဲကြည့်ရက်မှာပဲ ရှာလို့ရတာမဟုတ်တော့ဘူး။ဒါကို လေ့ကျင့်ရေးကွင်းတွေထဲမှာ၊ ဒေတာအခန်းတွေထဲမှာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေထဲမှာ ဖန်တီးယူရတာပါ။

ဒီဖန်တီးယူမှုကို ဘင်ဖီကာအသင်းထက် ပိုကောင်းအောင် ဘယ်သူမှ မလုပ်နိုင်ကြဘူး။ကြီးကျယ်ခမ်းနားမှုကို ဝယ်ယူခြင်းအပေါ် စွဲလမ်းနေတဲ့ ကမ္ဘာကြီးထဲမှာ၊ ဘင်ဖီကာအသင်းဟာ အမှန်တကယ်သော ခမ်းနားကြီးကျယ်မှုကို ကိုယ်တိုင်ဖန်တီးနေတယ်။သူတို့ရဲ့ ဆုဖလားတွေဟာ ဖုန် တက်ကောင်းတက်နေလိမ့်မယ်။ဒါပေမယ့် သူတို့ရဲ့ ဘဏ္ဍာရေးစာရင်းဇယားတွေကတော့ တောက်ပနေဆဲပါပဲ။