အာဆင်နယ်အသင်းက ဝက်ဟမ်းအသင်းကို ၀-၁ နဲ့ ရှုံးခဲ့သလို ဖောရက်စ်ကိုလည်း သရေကျခဲ့ပြီး၊ လီဗာပူးအသင်းက မန်စီးတီးကို ၀-၂ , နယူးကာဆယ်ကိုလည်း ၂-၀ အနိုင်ရခဲ့တဲ့အချိန်မှာတော့ အားလုံး တညီတညွတ်တည်းထွက်လာတဲ့ အသံတစ်ခုရှိပါတယ်။
၂၀၂၄ – ၂၀၂၅ ခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံတိုက်ပွဲကြီး ပွဲပြီးသွားပြီ ဆိုတာပါပဲ။
လီဗာပူးအသင်းနဲ့ အမှတ်ကွာနေတဲ့ အခြေအနေမှာ အာဆင်နယ်အသင်းလုပ်ရမှာက ရနိုင်သမျှအမှတ်အများဆုံး ရအောင်ယူပြီး လီဗာပူးခြေချော်တာကို စောင့်ရမှာပါ။
ပြီးခဲ့တဲ့ အပတ်တွေက လီဗာပူးအသင်းရဲ့ ယိမ်းယိုင်မှုတချိုရှိခဲ့ပေမယ့် ဒီအပတ်မှာတော့ လီဗာပူးက အကောင်းဆုံး ခြေစွမ်းတွေနဲ့ မန်စီးတီးလိုအသင်းမျိုးကို အဝေးကွင်းမှာ အနိုင်ရခဲ့ချိန်မှာတော့ အာဆင်နယ်အသင်းက ကိုယ့်ရဲ့အိမ်ကွင်းမှာ ဝက်ဟမ်းကို ရှုံးနိမ့်ခဲ့ခြင်းက ချန်ပီယံမျှော်လင့်ချက်ပြီးဆုံးစေခဲ့တာပါပဲ။
အာဆင်နယ်အသင်းမှာ ပွဲကျန်တစ်ပွဲကန်ဖိုရှိနေသေးပေမယ့် လီဗာပူးနဲ့ကွာဟနေတဲ့ အမှတ်က ၁၃ မှတ်ပါ။ ပွဲကျန်ကို အနိုင်ကန်နိုင်ခဲ့ရင်တောင် ၈မှတ်ပြတ်နေဦးမှာပါ။
ဒီရာသီ လီဗာပူးအသင်းရဲ့ ခြေစွမ်းနဲ့ ၃ ပွဲရှုံးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တဖက်မှာလည်း အာဆင်နယ်အသင်းဖြစ်နေတာကြောင့် လီဗာပူးခြေချော်တာကို အခွင့်ကောင်းယူဖို့ နေနေသာသာ ကိုယ့်ဟာကိုယ်တောင် ယိုင်နဲ့နဲ့ရယ်နဲ့ပါ။
ဟုတ်ပါတယ်၊ ပွဲပြီးသွားပါပြီ။
ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံက လီဗာပူးဖြစ်သွားပါပြီ…