Innwa-Ads-Banner-1-1170X200

ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမား ၅ယောက်

ရာသီကြိုခြေစမ်းပွဲတွေ ဘယ်လိုပဲရှိရှိ ဘယ်လောက်ပဲကောင်းကောင်း တကယ့်ပွဲစဉ်တွေနဲ့ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရပြီဆို ကစားသမားသစ်တွေ နည်းပြသစ်တွေတင်မက ပရိတ်သတ်တွေကပါ ရင်ခုန်နေကြပါတယ်။ အဖွင့်ပွဲစဉ််မှာ မန်ယူနိုက်တက်-အာဆင်နယ်တို့ထိပ်တိုက်တွေ့တဲ့ ပွဲကောင်းတွေပါသလို၊ ချယ်ဆီး-ပဲလေ့စ်စတဲ့ ပူပူနွေးနွေး ချန်ပီယံတွေလည်း ခြေသွေးကြတာမျိုးတွေရှိနေပြန်ပါတယ်။ ဒီတစ်ပတ်ရဲ့ ပရီးမီးယားလိဂ်မှာ ပရိတ်သတ်တွေရင်ထဲစွဲသွားစေမယ့် ခြေစွမ်းပြခဲ့တဲ့ ကစားသမား၅ယောက်ကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်။

၅။ ဆီမဲညို (ဘုန်းမောက်)
ဒီစာရင်းရဲ့ နံပါတ်၅နေရာမှာတော့ ဘုန်းမောက်အသင်းရဲ့ တောင်ပံကစားသမား ဆီမဲညိုရှိနေပါတယ်။ ဘုန်းမောက်အသင်းဟာ ၂-၀ နဲ့ ရှုံးနေခဲ့တဲ့အချိန်မှာ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပြန်လာနိုင်အောင် ခြေစွမ်းပြပြီး ဂိုး၂ဂိုးလုံးသွင်းယူပေးခဲ့သူကတော့ ဆီမဲညိုပါ။ လူမျိုးရေးခွဲခြားခံရပေမယ့် သူ့ရဲ့ သွင်းဂိုး၂ဂိုးနဲ့ သင်ပုန်းချေနိုင်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ဘုန်းမောက်အသင်းကတော့ ချီယေဆာ၊ မိုဆာလာတို့ရဲ့ဂိုးတွေထပ်မံခွင့်ပြုခဲ့ရပြီး ၄-၂ ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ရပါတယ်။

၄။ ဒေးဗစ်ရာယာ (အာဆင်နယ်)
အိုးထရက်ဖို့ဒ်မှာ မဟာပြိုင်ဘက် မန်ယူနိုက်တက်ဆီက ၃ မှတ်ယူနိုင်ခဲ့တဲ့ ခရီးမှာ ဒေးဗစ်ရာယာရဲ့ လက်စွမ်းပြမှုတွေသာ မပါခဲ့ရင် အရာရာဟာ အခု ခက်ခဲတယ်ဆိုတာထပ် ၂ဆလောက်ပိုပြီး အာဆင်နယ်အတွက် ခက်ခဲသွားမှာပါ။ ဂိုးပေါက်ကာကွယ်မှု ၇ ကြိမ်ဆိုတဲ့ ပမာဏက အသင်းကြီးနှစ်သင်းယှဉ်ပြိုင်တဲ့ပွဲမှာ အတော်လေး တာသွားတဲ့ ပမာဏပါ။

၃။ ခရစ္စဝုဒ် (ဖောရက်စ်)
မနှစ်ကမထင်ထားတာတွေလုပ်ပြခဲ့တဲ့ ဖောရက်စ်တို့ ဒီနှစ်မှာလည်း အကောင်းဆုံးတာထွက်ပြခဲ့ပါတယ်။ ခရစ္စဝုဒ်ဟာ တစ်ရာသီတည်းကောင်းတဲ့ ကောက်ရိုးမီးပါဆိုတဲ့ အမြင်တွေကို အဖွင့်ပွဲမှာတင် ၂ဂိုးသွင်းပြီး ချေဖျက်ပြခဲ့သူပါ။ ဘရန့်ဖို့ဒ်ကွင်းဘက်မှာ ဘောလုံးပျက်တာကို သတိပြုမိကလည်းက Line တွေကို ဖောက်ထွက်ပြီး ပြေးသွားတာ၊ ကစားဖော်က ဘောလုံးပေးပို့ချိန်မှာ လက်ခံယူပုံ၊ ပြိုင်ဘက်ဂိုးသမားကို ကျော်ဖြတ်ဂိုးသွင်းသွားပုံတွေက တကယ့်ကို တိုက်စစ်မှူးကောင်းစင်စစ်တစ်ယောက်မှာ ရှိနေသင့်တဲ့ Striker Instinct တွေသူ့မှာအပြည့်ရှိနေကြောင်းပြသသွားတာပါ။

၂။ ဟာလန်း (စီးတီး)
ကျနော်တို့တွေ ဟာလန်းဘယ်လောက်ကောင်းကြောင်း၊ ဘယ်လိုကောင်းကြောင်း တခုတ်တရ ရေးရမယ့် ရက်စွဲတွေကျော်သွားပါပြီ။ ဟာလန်း ဘယ်နှဂိုးသွင်းသွားတယ်ဆိုတာကို ချရေး။ ဟာလန်းဂိုးမသွင်းဘူးဆိုတာကို သတင်းလုပ်နေရတဲ့ခေတ်ပါ။ ဝုဗ်အသင်းနဲ့ပွဲမှာ ဟာလန်းပွဲထွက်လာတယ်။ ၇၃မိနစ်ကစားတယ်။ ၆ကြိမ်ကန်တယ်။ ၂ ဂိုးရတယ်။ အချိန်ကိုက်နေရာမှန်မှာရှိနေတာ ဟာလန်းရဲ့ အမှတ်သင်္ကေတတစ်ခုပါပဲ။

၁။ ရစ်ချာလီဆန် (စပါး)
ဆိုလန်ကီဒဏ်ရာရနေချိန်မှာ ရစ်ချာလီဆန်ဟာ အကောင်းဆုံးအခွင့်အရေးယူနိုင်ခဲ့ပါတယ်။ PSG ကိုရှုံးခဲ့တဲ့ပွဲမှာ ပုံစံကောင်းပြသနိုင်ခဲ့တဲ့သူ့ကို ဒီပွဲမှာလည်း သောမတ်စ်ဖရန့်က နေရာပေးခဲ့ပြီး သူကလည်း သွင်းဂိုး၂ဂိုးနဲ့ ထိုက်တန်မှုကိုပြသပေးခဲ့ပါတယ်။ အသင်းသား ၁၁ ယောက်လုံးပါဝင်ခဲ့တဲ့ ရစ်ချာလီဆန်ရဲ့ Trademark Bicycle Kick ကတော့ ဒီရာသီရဲ့အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးဖြစ်သလို သူ့ကို ဒီစာရင်းရဲ့ နံပါတ်၁ နေရာမှာလည်း ရှိနေစေတာပါ။