ဒါတင်မကသေး၊ ဗဟိုဈေးတန်းထဲမှာလည်း ဘောလုံးအကြောင်းရှိခဲ့သေးတယ်။ ဆိုလိုတာကတော့ ကျွန်တော့် သူငယ်ချင်း ဒီနီလ်ဆန်ရှိခဲ့တယ်၊ သူက သစ်သီးဈေးဆိုင်ကနေလာတယ်။ ကျွန်တော်တို့ဟာ အမြဲတမ်း အတူတူကစားလေ့ရှိကြတယ်။ ကျွန်တော်တို့က Parque da Criança အသင်းက ဖြစ်ပေမယ့် ကျောင်းဆင်းတာနဲ့ ဖြစ်နိုင်သမျှ အဲဒီမှာ တစ်ယောက်တည်း ကစားဖို့ သွားလေ့ရှိကြတယ်။ လေထဲမှာ ဘောလုံးကန်တာ၊ ရင်ဘတ်နဲ့ ထိန်းတာ၊ ပေါင်နဲ့ ထိန်းတာ — ပြီးတော့ သဲထဲမှာ အမြန်ပြေးလွှားကြတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်ကိုတစ်ယောက် အားပေးပြီး တစ်နေ့မှာ Treze de Campina Grande လို့ခေါ်တဲ့ အခြား Galo အသင်းကြီးအတွက် ကစားနိုင်မယ်လို့ အိပ်မက်မက်ခဲ့ကြတာပါ။ Galo ဆိုတာက တော့ သူတို့ကို ချစ်စနိုးနဲ့ ပေးထားတဲ့နာမညါပါပဲ။
ဒီနီလ်ဆန်ဟာ ကျွန်တော့်အတွက် ပထမဆုံး ငွေကြေးအနည်းငယ် ရှာဖွေရာမှာလည်း လက်တွဲဖော်ပါ။ ဈေးသည်အများကြီးရှိတဲ့ ဗဟိုဈေးကြီးထဲက လူအုပ်ပါးသွားတဲ့ နေ့လည် ၃ နာရီလောက်ရောက်ရင် ကျွန်တော်ဟာ ဒီနီလ်ဆန်ရဲ့ဆိုင်ဆီပြေးသွားပြီး သူ့အဖေက “ ပန်းသီးတွေ ယူလာခဲ့ပါ၊ Hulk!” လို့ ပြောလေ့ရှိတယ်။ ကျွန်တော်တို့ဟာ လှည်းတစ်စီးကို ပန်းသီးအိတ် ၃၀ စီနဲ့ ဖြည့်ကြတယ်၊ အိတ်တစ်အိတ်မှာ ပန်းသီး ၂၀ စီပါပြီး သူ့ဆိုင်ဆီ သယ်သွားကြတယ်။ ဒါပေမယ့် သွားရင်းလာရင်း ကျွန်တော်တို့ဟာ ရပ်ပြီး အိတ်တစ်အိတ်စီကနေ ပန်းသီးတစ်လုံးစီ ယူကာ ဘေးဖယ်ပြီး ရောင်းကြတယ်။ ပြီးရင် ဈေးတစ်ခုလုံးကို လှည့်ပြီး အော်ကြတယ်-
“ ဒီပန်းသီးလေးတွေကို ကြည့်ပါဦး! ဒါက ဈေးကွက်ထဲက အကောင်းဆုံးပါပဲ! လတ်ဆတ်တဲ့ ပန်းသီးတွေအတွက် ဒီနေရာတစ်ခုတည်းမှာပါ!!!”
တစ်နေ့တာအဆုံးမှာတော့ ကျွန်တော်တို့ တစ်ယောက်ကို ရီယယ် ၃၀လောက် ဝင်ငွေရကြတယ်။ ဒီနီလ်ဆန်ရဲ့အဖေသိသွားမှာ၊ ပိုဆိုးတာက ကျွန်တော့်အဖေကို သွားပြောမှာကို ကြောက်လန့်နေခဲ့ရတာပါ။ ကျွန်တော်တို့စားခဲ့တဲ့ မုန့်ပဲသရေစာအတွက်တော့ လုံလောက်တဲ့ငွေပဲ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပျော်စရာကောင်းသွားတယ်။ အသားဆိုင်မှာ အလုပ်လုပ်ရတာထက် ပိုပြီး လွယ်ကူတယ်လို့ ထင်ရတယ်။ ကျွန်တော်ဟာ ထိုကာလဘဝအခက်အခဲတွေကြားထဲက အဲဒီပျော်ရွှင်မှုလေးကို မှတ်မိနေချင်တယ်။ ဘောလုံးမှာမအောင်မြင်ခဲ့ရင်၊ ကျွန်တော်နဲ့ ဒီနီလ်ဆန်ရဲ့ အစီအစဉ်ကတော့ ဗဟိုဈေးထဲမှာ ဆိုင်တစ်ဆိုင်ဖွင့်ဖို့ လက်တွဲဖို့ပါပဲ။
ဒါပေမယ့် တစ်နေ့မှာတော့ ဘောလုံးကကျွန်တော့်ကို တကယ်ခေါ်လိုက်တယ်။ ကျွန်တော့်အဖေက ကျွန်တော့်ကို ကျွန်တော်တို့မြို့က အားကစားကွင်း Amigão မှာ Treze အသင်းရဲ့ပွဲကို ပထမဆုံးအကြိမ် သွားကြည့်ခိုင်းတဲ့အခါ ဖြစ်ပျက်ခဲ့တာပါ။ကျွန်တော်ဟာ ဘောလုံးနဲ့အမြဲရှိနေသူဖြစ်ပေမယ့် အားကစားပွဲတွေကြည့်ဖို့ အခွင့်အရေးရခဲပါတယ်။ တီဗီဖွင့်တဲ့အခါ ရှားရှားပါးပါးဆိုသလို ကျွန်တော်ဟာ အနက်ရောင်အဖြူရောင်ပုံရိပ်တွေကိုကြည့်ပြီး ကစားသမားတွေဟာ အရုပ်တွေလို့ထင်မိတယ်။ ဒါပေမယ့် Amigão မှာရှိတဲ့ အဲဒီနေ့လယ်ပိုင်းမှာတော့ ကျွန်တော့်အတွက် အရာအားလုံး ရှင်းသွားတယ်။ ဒီလောက်ကြီး ပျော်ရွှင်မှုမျိုးကို ကျွန်တော် ဘယ်တုန်းကမှ မသိခဲ့ဖူးဘူး။ ဘောလုံးပွဲဆိုတာ တကယ်ရှိတယ်! ကစားသမားတွေဆိုတာ တကယ်ရှိတယ်! အားလုံးဟာ တကယ်ဖြစ်ပြီး အရောင်စုံလှတယ်!
ခဏအကြာမှာပဲ ကျွန်တော်တို့ရပ်ကွက်က São Paulo FC မှာ အောင်မြင်နေတဲ့ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်လာတဲ့ Marcelinho Paraíba ဆိုတဲ့သူနဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ ကျွန်တော်ခံစားမိတာက ယုံကြည်ချက်၊ သဘောပေါက်နားလည်မှု၊ ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခုပါပဲ- “ ဟေ့၊ သူကလည်း ကျွန်တော့်လို ကလေးတစ်ယောက်ဖြစ်ခဲ့ရင်၊ ကျွန်တော်လည်း သူ့လိုဖြစ်နိုင်တာပေါ့!”
ကျွန်တော့်အမေ သွေးတွေ၊ အဆီတွေစွန်းကပ်ပြီး ဘာလုပ်ရမှန်းမသိ ပျက်စီးနေသလိုထိုင်နေတဲ့ ပုံရိပ်ကို ကျွန်တော် ဘယ်တော့မှ မေ့မရခဲ့ဘူး။ ကျွန်တော်ဟာ သေတ္တာတွေနောက်ကနေ သူမ လိုပဲ သွေးတွေ၊ အဆီတွေစွန်းကပ်ပြီး ဝှက်ကြည့်ရင်း ဘာမှမတတ်နိုင်တဲ့အတွက် ငိုနေမိခဲ့တယ်။
အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ဘောလုံးကို ဆာဒင်းငါးနဲ့ ပက်စတာဟင်းချိုတစ်ခွက်လို သဘောထားပြီး မြို့အတွင်းက ပြိုင်ပွဲတွေမှာ ထူးချွန်လာခဲ့တယ်၊ ပြီးတော့ ပြည်နယ်အဆင့်ထိ ရောက်လာခဲ့တယ်။ နောက်တော့ Zé do Egito ပေါ်လာခဲ့တယ်၊ သူက ဗဟိုဈေးထဲက ကျွန်တော့်အဖေရဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မိတ်ဆွေပါ။ သူက ဘောလုံးလောကနဲ့ ပတ်သက်နေသူဖြစ်ပြီး တစ်နေ့ကျွန်တော်ကစားတာကိုမြင်တွေ့ပြီး အသင်းတွေဆီ စမ်းသပ်ကစားခွင့်ရဖို့ ခရီးထွက်မယ်လို့ ပြောခဲ့တယ်။ အိမ်မှာ ငိုကြွေးသံများစွာရှိခဲ့တယ်၊ အကြောင်းက ကျွန်တော့်အမေက ကျွန်တော့်ကိုမထွက်စေချင်ခဲ့ဘူး- “ ဒါပေမယ့် ကောင်လေးက ၁၂ နှစ်ပဲရှိသေးတယ်၊ ဒီလိုဝေးဝေးမှာ ဘယ်လိုနေနိုင်မှာလဲ?! သူမနေနိုင်ပါဘူး!” ကျွန်တော့်အဖေက Zé do Egito ဟာ ဂုဏ်သိက္ခာရှိပြီး ယုံကြည်ရသူဆိုတာကို အာမခံပြီး အမေ့ကို နားချခဲ့ရတယ်။
ကျွန်တော့်ရဲ့ ပထမဆုံး ကိုယ်စားလှယ်ဖြစ်လာမယ့် Zé နဲ့အတူ ကျွန်တော်ဟာ João Pessoa၊ Vitória၊ São Paulo တို့ကို ခရီးထွက်ခဲ့ပြီး ၂၀၀၁ ခုနှစ်၊ အသက် ၁၅ နှစ်မှာ ပထမဆုံးအကြိမ် ပေါ်တူဂီနိုင်ငံကို ရောက်ရှိခဲ့တယ်။ Porto မြို့နဲ့ တံတားတစ်စင်းခြားထားတဲ့ Vila Nova de Gaia မြို့က Vilanovense လို့ခေါ်တဲ့ကလပ်ရဲ့ လူငယ်ကစားသမားစခန်းမှာ ကျွန်တော် တစ်နှစ်ကြာနေထိုင်ခဲ့တယ်။
တစ်နေ့ ကျွန်တော် လေ့ကျင့်ရေးစခန်းမှာရှိနေတုန်း တစ်ယောက်က ကျွန်တော့်ကို ဖုန်းပြောဖို့ခေါ်တယ်။ ကျွန်တော်တို့ရဲ့ ဘတ်စကားမောင်းသူ Motoca ပါ-
“ Hulk၊ ဘာလုပ်နေတာလဲ?”
“ ဘာမှမလုပ်ပါဘူး။ အနားယူနေတာပါ။”
“ ဒါဆိုပြင်ဆင်ထားပါ။ ကျွန်တော်လာပြီး သင့်ကိုအံ့အားသင့်သွားအောင်လုပ်မယ်။”
Motoca က ကျွန်တော့်ကို Estádio das Antas ကို ခေါ်သွားတယ်။ Porto အသင်းက UEFA Cup ပွဲစဉ်တစ်ခုကို ကစားမယ့်နေရာပါ။ အရောင်တွေက အရမ်းတောက်ပနေလို့ ဒီပုံရိပ်က ကျွန်တော့်မျက်လုံးထဲကနေ ဘယ်တော့မှမထွက်သွားခဲ့ဘူး။ ဒါကြောင့် ဒီအဖြစ်အပျက်ကို ကျွန်တော် မနေ့ကဖြစ်ခဲ့သလိုပဲ မှတ်မိနေတယ်။ ကျွန်တော် အံ့အားသင့်သွားပြီး ကြက်သိမ်းမွေးညင်းထောင်သွားခဲ့တယ်။ ဒီလောက်ကြီးပြီး လှပတဲ့ အားကစားကွင်းထဲမှာ ကျွန်တော် ဘယ်တုန်းကမှ မရှိဖူးခဲ့ဘူး။ ပရိသတ်တွေရဲ့အသံက အရမ်းကျယ်လောင်လွန်းလို့ ကျွန်တော် အော်ပြောလိုက်ရတယ်-
“ Motoca၊ တစ်နေ့မှာ ကျွန်တော်ဒီမှာ ကစားမယ်ဗျာ။”
“ ဟင်?”
“ ကျွန်တော် ဒီမှာ ကစားမှာပါ၊ MOTOCA!!”
ဒါဟာ ရူပါရုံတစ်ခုလိုပါပဲ။ ကျွန်တော့်ပတ်ဝန်းကျင်က ဘာမှမဟုတ်ခဲ့ပါဘူး၊ ကျွန်တော့်ရဲ့ ယုံကြည်ချက်နဲ့ တစ်နေ့မှာ အဲဒီမှာ ရောက်ရှိဖို့ ကျွန်တော့်ရဲ့စိတ်ဆန္ဒသာ အရေးကြီးတယ်။
အမြဲတမ်း ယုံကြည်ပါ