Innwa-Ads-Banner-1-1170X200

နာပိုလီမှာ ကွန်တီ ဘာတွေလုပ်နေသလဲ

နာပိုလီဟာ နည်းပြစပယ်လက်တီအောက်မှာ စကူဒက်တိုရတဲ့အထိ အောင်မြင်ပြခဲ့ပေမဲ့ သူထွက် သွားတဲ့နောက် ရူဒီ ဂါစီယာကို ခန့်လိုက်တဲ့အချိန်ကစပြီး အဆင်မပြေမှုတွေနဲ့ နည်းပြမတည်မြဲမှုတွေ က ကာလတိုအတွင်းမှာကို တော်တော်ဆိုးဆိုးရွားရွားဖြစ်လာခဲ့ပါတယ်။ ဒါဟာ အီတလီဘောလုံး လောကမှာ အသင်းဥက္ကဌတွေထဲ အတော်ကို ဆရာကျလှပါတယ်ဆိုတဲ့ ဒီ လော်ရန်းတစ်လည်း ဘာမှ မတတ်နိုင်ခဲ့တဲ့ အခြေအနေတစ်ခုပါ။

ရူဒီ ဂါစီယာကို ဖြုတ်လိုက်ပြီးတဲ့နောက် နိုဝင်ဘာ ၁၄ ရက် ၂၀၂၃ မှာ ဝေါ်လ်တာ မက်ဇာရီကို ခန့် လိုက်ပြန်ပါတယ်။ အခြေအနေမကောင်းတော့ နိုဝင်ဘာကနေ ဖေဖော်ဝါရီအထိပဲ ခံပြီး ဖေဖော်ဝါရီ ၁၉ မှာ ထွက်ရပြန်ပါတယ်။ အဲဒီနောက် အစားထိုးလိုက်တာက ဖရန်ဆက်စကို ကာဇိုနာပါ။ ဒီလို နည်းပြတွေ မတည်မငြိမ်ဖြစ်တာ၊ အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ဗစ်တာအိုဆင်း ဟန်နဲ့ အသင်းအုပ်ချုပ်သူတွေကြား မပြေလည်မှုလေးတွေ ရှိတာတွေကြောင့် အသင်းက ရလဒ်တွေ ကျဆင်းခဲ့ပြီး အဆင့် ၁၀ မှာ ပြီးဆုံးသွားခဲ့ရပါတယ်။ ဒါတောင် အိုဆင်းဟန်က သူတို့အတွက် ၁၅ ဂိုး သွင်းပေးခဲ့သေးတာပါ။

ပြီးခဲ့တဲ့ရာသီကမှ စကူဒက်တိုရထားတဲ့ အသင်းတစ်သင်းက နောက်ရာသီမှာ အဆင့် ၁၀ ရောက်သွား တာ တော်တော်ကို ဆိုးတဲ့အနေအထားတစ်ခုဖြစ်ပြီး နာပိုလီပရိသတ်တွေအတွက်တော့ လက်ခံစရာ မဟုတ်ခဲ့ပါဘူး။ ဒီလော်ရန်းတစ်အတွက်လည်း ထို့နည်းတူပါပဲ။ သူ့လို လူမျိုးအတွက် ဒီလိုဖြစ်ရပ်မျိုး က နည်းပြတွေချည်းမဟုတ်ဘဲ သူကိုယ်တိုင် တာဝန်ယူရမယ့်အမှားမျိုးတွေလို့ကို ထင်ချင်စရာပါ။ ဒါ ပေမဲ့ သူက ရာသီကုန်အပြီးမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါတော့တယ်။ အဲဒါက တော့ အီတလီရဲ့ ဝါရင့်နည်းပြတစ်ယောက်ဖြစ်တဲ့ အန်တိုနီယို ကွန်တီကို ခေါ်ယူခန့်အပ်လိုက်တာပါ ပဲ။

ကွန်တီဟာ ဘယ်လိုနည်းပြလဲ။ ဘာနည်းစနစ်တွေသုံးလဲဆိုတာ ပြောပြနေဖို့တောင် မလိုတော့ပါ ဘူး။ ၃ ယောက်တန်း ခံစစ်ကို အသုံးများပေမဲ့ ၄ ယောက်တန်းခံစစ်ကို သုံးဖို့လည်း ဝန်မလေးပါဘူး။ ရင်ဆိုင်ရတဲ့အသင်းနဲ့ လိုက်အောင်လည်း နည်းဗျူဟာကို ချမှတ်နိုင်သလို ကိုယ့်မှာရှိတဲ့ ကစားသမား တွေနဲ့ လိုက်ဖက်အောင်လည်း သူ ကစားနိုင်စွမ်းရှိပါတယ်။ လုံးဝအံမဝင်လောက်တဲ့ ကစားသမား တွေကိုသာ သူက အစားထိုးမှာပါ။

၂၀၁၁ မှာ ဂျူဗင်တပ်စ်ကို စကိုင်ခဲ့တာကနေစလို့ အီတလီလက်ရွေးစင်အသင်း၊ ချယ်လ်ဆီး၊ အင် တာမီလန်၊ စပါးတို့ကို ကိုင်လာခဲ့တဲ့ ဒီအသက် ၅၅ နှစ်အရွယ်နည်းပြကြီးအတွက် အီတလီဆိုတာ သူ့အတွက် ဘာလုပ်ရမယ်ဆိုတာ အလွတ်ရနေတဲ့ မြေလို့ကို ဆိုနိုင်တဲ့နေရာပါ။ သူ့ကို အောင်မြင် မှုမရအောင် လုပ်နိုင်တာဆိုလို့ စပါးတစ်သင်းပဲရှိတယ်လို့ နောက်ပြောင်ပြောဆိုကြရတဲ့အထိပါပဲ။

ဆိုတော့ ကွန်တီက နာပိုလီကို ကိုင်တွယ်လိုက်တဲ့အချိန်မှာ ဘာတွေလုပ်ခဲ့သလဲ။

ကစားသမားတွေ အများကြီးကို အပြောင်းအလဲလုပ်တော့တာပေါ့။ သူ့လို လူမျိုးကို နည်းပြခန့်မယ် ဆိုရင်တော့ ဒီလော်ရန်းတစ်အနေနဲ့ ဒီလောက်တော့ လုပ်ပိုင်ခွင့်ပေးရမှာ အမှန်ပါပဲ။ အထက်မှာ ပြော ခဲ့တဲ့ ရှိတဲ့ကစားသမားနဲ့ လိုက်ဖက်အောင် ကစားကွက်ကို ချမှတ်နိုင်တယ်ဆိုတာက အသင်းရဲ့ အဓိ က အားကောင်းတဲ့ကစားသမားတွေကို ဆိုလိုတာပါ။ အဲဒီလို အဓိကကစားသမားတွေထဲမှာ အသင်း နဲ့အဆင်မပြေဖြစ်နေတဲ့ ဗစ်တာအိုဆင်းဟန်ကိုတောင် သူက အငှားချပစ်ခွင့်ပြုခဲ့တာကို ကြည့်ရင်သိ နိုင်ပါတယ်။

အငှားနဲ့ခေါ်ထားတဲ့ ကစားသမားတွေကို ပြန်ပို့လိုက်ပြီး ကစားသမားတော်တော်များများကိုလည်း အငှားချပစ်လိုက်ပါတယ်။ စာချုပ်ကုန်သွားတဲ့ ဒီယေဂို ဒမ်မီ၊ ဇီလန်းစကီးတို့ကိုလည်း ထွက်ခွါခွင့် ပြုလိုက်ပါတယ်။

အဲဒီနောက် မွန်ဇာကနေ ကွင်းလယ်လူ ပိုပိုဗစ်၊ ရိုးမားကနေ နောက်ခံလူ လီယိုနာဒို စပင်နက်ဇိုလာ တို့ကို အလွတ်နဲ့ စာချုပ်ခဲ့သလို ရီးရဲလ်မက်ဒရစ်က လူငယ်နောက်ခံကစားသမား ရာဇာ မာတင်၊ တိုရီနိုက နောက်ခံလူ ဘော်ဂျီယိုနို၊ ဘင်ဖီကာကတိုက်စစ်မှူး ဒေးဗစ်နီရက်စ်၊ ချယ်လ်ဆီးတိုက်စစ် မှူး လူကာကူ၊ မန်ယူနိုက်တက်က ကွင်းလယ်လူ စကော့ မက်တိုမီနေး၊ ဘရိုက်တန်က ကွင်းလယ်လူ ဘီလီ ဂီးမောတို့ကို ခေါ်ယူခဲ့ပါတယ်။

ဒီခေါ်ယူမှုတွေ အားလုံးက သူ့အလိုကျချည်းပဲတော့ ဘယ်ဟုတ်ပါ့မလဲ။ ဒီလော်ရန်းတစ်တို့ရဲ့ အ ကွက်မြင်မြင်ခေါ်ယူမှုတွေနောက်မှာ သူက မှတ်ချက်ပေးပြီး ပူးတွဲဆုံးဖြတ်ချက်တွေနဲ့ အင်အား ဖြည့်တင်းခဲ့တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူ ပိုင်ဆိုင်ထားတဲ့ လက်ရှိလူစာရင်းထဲမှာ ဒီအင်အားစု ပေါင်းစပ်လာတာက ကောင်းတဲ့အလားအလာပဲဆိုတာ ရလဒ်တွေက သက်သေခံနေပါတယ်။

မက်တိုမီနေးရောက်လာတဲ့နောက်မှာ သူက သူမူလကစားနေတဲ့ ၄-၂-၃-၁ အထိုင်ကိုမှ အသွင် ပြောင်းပြီး ဆော့တဲ့ပုံစံကနေ ၄-၃-၃ ပုံစံကို ပြောင်းပြီးကစားလာခဲ့ပါတယ်။ မက်တိုမီနေးကို ညာ ခြမ်း ကွင်းလယ်အစွန်မှာ ထားပြီး လိုက်ပါကစားစေတဲ့ပုံစံမျိုးသုံးနေတာဖြစ်ပြီး မက်တိုမီနေးရဲ့ ကစားပုံနဲ့ လည်း ဒီပုံစံက အကိုက်ဆုံးလိုပါပဲ။ မက်တိုမီနေးက ဘယ်တုန်းမှ ကွင်းလယ်မှာ ကစားကွက်ကို ထိန်း ကျောင်းတဲ့ ကစားသမားမဟုတ်သလို၊ ကွင်းလယ်ခံစစ်လည်း မဟုတ်ပါဘူး။

ဒေးဗစ်နီရက်စ်၊ ဆီမြွန်နီ၊ လူကာကူစတဲ့ ကစားသမားသစ်တွေကြောင့်ရော ခါဗာရက်ရှီးလီယားတို့၊ ဒီ လော်ရန်ဇိုတို့လို ရှိရင်းစွဲကစားသမားတွေ အားနဲ့ရော သူ့အသင်းက အကောင်းဆုံးခြေစွမ်းကို ပြသ နိုင်နေပါတယ်။ လက်ရှိအီတလီမှာက အင်ဇာဂီရဲ့ အင်တာမီလန်နဲ့အတူ မော့တာနဲ့အတူ ပြုပြင် ပြောင်းလဲရေးတွေလုပ်နေတဲ့ ဂျူဗင်တပ်စ်၊ ပေါ်လို ဖွန်ဆဲကာ လက်အောက်က အေစီမီလန်တို့အပြင် ပယ်လက်ဒီနိုလက်အောက်က ဖီအိုရင်တီးနား၊ ဂက်စ်ပါရီနီနဲ့ အတ္တလန္တာတို့လည်းရှိနေသေးတာ ကြောင့် ဒီလိုအခြေအနေမှာ အင်တာ အထက် ၂ မှတ်ဖြတ်ပြီး ၁၉ မှတ်နဲ့ ရပ်တည်နေတဲ့ ကွန်တီနဲ့ နာပိုလီကို အသိအမှတ်ပြုရမှာပါပဲ။

၆ ပွဲနိုင်၊ ဂျူဗင်တပ်စ်နဲ့ ၁ ပွဲ သရေကျထားပြီး၊ အဖွင့်ပွဲမှာ ဗီရိုနာကိုပဲ ရှုံးထားတဲ့ နာပိုလီဟာ ဘယ် လောက်အထိ လုပ်ပြဦးမလဲ။ စပယ်လက်တီလက်ထက်ကလိုပဲ စကူဒက်တိုကို သိမ်းပိုက်နိုင်မလား ဆိုတာကတော့ လာတော့မယ့်အချိန်တွေက ပြောပြပါလိမ့်မယ်။