Rúben Amorim ရဲ့ Manchester United ကာလဟာ ရုတ်တရက် အဆုံးသတ်သွားပြီး Gareth Southgate က Old Trafford ထဲကို ဝင်လာခဲ့ရင် ဘာဖြစ်လာမလဲ။ ဒါဟာ မဖြစ်နိုင်သလိုခံစားရပေမယ့် ဘောလုံးရဲ့ မတွက်ဆနိုင်တဲ့ လောကထဲမှာတော့ ထူးဆန်းစွာပဲ လက်တွေ့ဆန်နေတဲ့ မြင်ကွင်းတစ်ခုပါ။ လက်ရှိအချိန်မှာ United ရဲ့ အခြေအနေဟာ ရှုပ်ထွေးနေပါတယ် – Amorim ရဲ့ ခေတ်သစ် ဒဿနိကဗေဒ၊ ပြင်းထန်တဲ့ ဖိအားတွေကြားမှာ ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေရသလို ပရိသတ်တွေနဲ့ ဘုတ်အဖွဲ့ရဲ့ မျှော်လင့်ချက်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း ခံစားနေရပါတယ်။
Amorim ဟာ ရှင်းလင်းတဲ့ လက္ခဏာရပ်ကို ယူဆောင်လာခဲ့ပါတယ်။ သူ့ရဲ့ ၃-၄-၃ ဗားရှင်းအမျိုးမျိုး၊ တိုက်စစ်ရဲ့ ဖိအားပေးမှုတွေ၊ Vertical အကူးအပြောင်းတွေကို အလေးပေးမှုတွေဟာ United ရဲ့ ကစားဟန်ထဲ ခေတ်သစ်ဆန်မှုကို ပြန်လည်ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ တစ်သမတ်တည်း မရှိခဲ့ပါဘူး။ စနစ်က အလုပ်ဖြစ်နေသလိုမျိုး ထူးချွန်တဲ့ ကစားဟန်တွေ၊ အခိုက်အတန့်လေးတွေ ရှိသလို၊ စနစ်ဟာ ဖိအားဒဏ်ကို မခံနိုင်ဘဲ ပြိုလဲသွားတဲ့ နာကျင်ဖွယ်ညတွေလည်း ရှိနေပါတယ်။ ပရိသတ်တွေကလည်း နှစ်မျိုးကွဲနေဆဲပါ – တစ်ချို့က ရည်မှန်းချက်ကြီးမှုကို အားရနေကြပြီး၊ တစ်ချို့ကတော့ ချက်ချင်း တည်ငြိမ်မှုလိုအပ်နေတဲ့ ကလပ်တစ်ခုအတွက် ဒီစမ်းသပ်မှုဟာ မတည်ငြိမ်ဘူးလို့ စိုးရိမ်နေကြပါတယ်။
ဒီမှာပဲ Gareth Southgate နဲ့ အသံထွက်လာပါတယ် – လုံးဝကို ဆန့်ကျင်ဘက်အရောင်။ နှစ်ပေါင်းများစွာ England အသင်းမှာ Southgate ဟာ သူ့ရဲ့ အေးဆေးတည်ငြိမ်တဲ့ အပြုအမူ၊ ကစားသမားတွေကို စီမံခန့်ခွဲနိုင်မှုစွမ်းရည်နဲ့ ဖိအားတွေအောက်မှာ နေရတဲ့ အသင်းတွင်းမှာ ညီညွတ်မှုကို ဖန်တီးနိုင်မှုတွေကြောင့် လူသိများခဲ့ပါတယ်။ နည်းဗျူဟာအရကတော့ သူက ပိုပြီး ရှေးရိုးစွဲသမားပါ။ သူဟာ၊ စွန့်စားမှုထက် ဟန်ချက်ညီမှုကို တန်ဖိုးထားပြီး၊ တိုက်စစ်ရဲ့ စီးဆင်းမှုကို စတေးရင်တောင် အားကောင်းတဲ့ ခံစစ်ကာကွယ်ရေးစနစ်ကို ဦးစားပေးလေ့ရှိပါတယ်။ သူဟာ United ရဲ့ အဝတ်လဲခန်းထဲကို ဝင်လာခဲ့မယ်ဆိုရင်၊ အကြီးမားဆုံး ပြောင်းလဲမှုဟာ နည်းဗျူဟာပိုင်းမဟုတ်ပဲAtmosphere ပဲဖြစ်ပါလိမ့်မယ်။ Southgate ရဲ့ ရှိနေမှုဟာ ဆက်တိုက်ဖိစီးနေတဲ့ ဖိအားတွေကို သက်သာစေကာ၊ ပိုပြီး လက်တွေ့ကျတဲ့ စနစ်တစ်ခုအတွက် ကစားသမားတွေကို ယုံကြည်မှုပေးမှာပါ။
ဒါပေမယ့် ဒါက လုံလောက်မှာလား။ United ရဲ့ လက်ရှိအသင်းဟာ ပြင်းထန်မှုအတွက် တည်ဆောက်ထားတာပါ။ Mbeumo, Cunha နဲ့ Sesako တို့လို ကစားသမားတွေဟာ Transition တွေမှာ ထူးချွန်ကြပါတယ်။ Bruno Fernandes ကလည်း လိုင်းတွေကြားမှာ သူ့ရဲ့ကစားဟန်ကို လွတ်လွတ်လပ်လပ် ပြသနိုင်ဖို့ လိုအပ်ပါတယ်။ Amorim ရဲ့ ကစားဟန်ဟာ စွန်းစားရပေမယ့်၊ ဒီသဘာဝစွမ်းရည်တွေနဲ့ ကိုက်ညီပါတယ်။ Southgate ကတော့ ပိုပြီး စည်းကမ်းကြီး၊ ပိုပြီး သည်းခံမှုကို တောင်းဆိုပြီး၊ ပိုပြီး နှေးကွေးတဲ့ ဘောလုံးကို ကစားစေချင်တာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ဒါဟာ ခံစစ်ပိတ်ပြီးကစားတာကို စိတ်ညစ်နေပြီးသား ပရိသတ်တွေကို စိတ်ပျက်စေနိုင်ပါတယ်။
တစ်ဖက်မှာလည်း Southgate ရဲ့ နာမည်ကြီးကစားသမားတွေကို ကိုင်တွယ်နိုင်စွမ်းဟာအသင်းကိုတည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း United ရဲ့ အကြီးမားဆုံး အားနည်းချက်ဟာ နည်းဗျူဟာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး – စိတ်ဓာတ်ရဲ့ ပြဿနာလည်း ဖြစ်နေပါတယ်။ ဖိအားဒဏ်ကို မခံနိုင်ဘဲ ပြိုလဲမှုတွေ၊ ခေါင်းဆောင်မှုပိုင်း ချို့တဲ့မှုတွေ၊ အသင်းတွင်းမှာ ဆက်ဆံရေး မပြေလည်မှုတွေဟာ အသင်းကို အကြိမ်ကြိမ် ပျက်စီးစေခဲ့ပါတယ်။ Southgate ဟာ England အသင်းနဲ့အတူ သဟဇာတဖြစ်မှုကို ဖန်တီးနိုင်ခဲ့ပြီး၊ ကစားသမားတွေကို တစ်တပ်တည်း ဖြစ်အောင် စုစည်းနိုင်ခဲ့ကာ၊ အပြင်က အသံတွေကနေ ကာကွယ်ပေးနိုင်ခဲ့ကြောင်း ပြသခဲ့ပါတယ်။ Old Trafford မှာဆိုရင်၊ ဒီအရည်အချင်းဟာ နည်းဗျူဟာ စနစ်တိုင်းလောက်ကို တန်ဖိုးရှိမှာပါ။
ဘုတ်အဖွဲ့ရဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် Southgate ဟာ လုံခြုံမှုကို ကိုယ်စားပြုမှာပါ။ နိုင်ငံတကာအဆင့်မှာ အတွေ့အကြုံရှိပြီး၊ မီဒီယာရဲ့ စူးစမ်းချက်တွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သိသူ၊ အင်္ဂလန်ရဲ့ နည်းပြဟောင်းဂုဏ်သတင်းရှိသူဖြစ်ပါတယ်။ Mourinho၊ Solskjær၊ Ten Hag နဲ့ လက်ရှိ Amorim တို့ရဲ့ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့လှိုင်းကြမ်းတွေကြောင့် တည်ငြိမ်တဲ့ လက်တစ်စုံဟာ မန်ယူအသင်းရဲ့ဒါရိုက်တာတွေ လိုချင်နေတဲ့ အရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် “တည်ငြိမ်မှု” ဆိုတာ “ရပ်တန့်သွားမှု” ဖြစ်သွားနိုင်တဲ့ အန္တရာယ်လည်း အမြဲရှိနေပါတယ်။ Pep Guardiola၊ Mikel Arteta နဲ့ Thomas Frank အထိပါ နည်းဗျူဟာအသစ်တွေကို တွန်းအားပေးနေတဲ့ Premier League မှာ United ဟာ ခေတ်နောက်ပြန်ဆွဲခဲ့ရင် ပိုပြီးနောက်ကျကျန်ရစ်သွားနိုင်ပါတယ်။
ပရိသတ်တွေအတွက်ကတော့ တုံ့ပြန်မှုဟာ ရောထွေးနေမှာပါ။ Southgate ကို အရာအားလုံးကို safe side သတိထားကစားတတ်သူ၊ သူ့လက်အောက်က အရည်အချင်းရှိသူတွေက်ို ဆွဲမထုတ်နိုင်သူလို့ ဆက်ပြီး မြင်နေကြသူတွေ ရှိပါတယ်။ ဒီပုံရိပ်ကို United ဆီ ယူဆောင်လာမှုဟာ စိတ်လှုပ်ရှားစရာ မကောင်းနိုင်ပါဘူး။ ဒါပေမယ့် တစ်ချို့ကလည်း နှစ်ပေါင်းများစွာ ကစဉ့်ကလျားဖြစ်ပြီးတဲ့နောက် အေးဆေးတည်ငြိမ်ပြီး ဖွဲ့စည်းပုံကျတဲ့ ကာလတစ်ခုဟာ ကလပ်အတွက် လိုအပ်နေတယ်လို့ ဆိုကြမှာပါ။
ဒီတော့ Amorim သွားပြီး Southgate ဝင်လာခဲ့ရင် ဘာဖြစ်မလဲ။ ဒါဟာ ရဲရင့်တဲ့ ပရောဂျက်ကနေ လက်တွေ့ဆန်တဲ့ ပြန်လည်စတင်မှုဆီကို ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်သွားစေမှာပါ။ Amorim က စွန်းစားမှုနဲ့ (wide vision)မြင်ကွင်းကျယ်ကို ကိုယ်စားပြုပြီး၊ Southgate ကတော့ တည်ငြိမ်မှုနဲ့ အာမခံချက်ကို ကိုယ်စားပြုပါတယ်။ တစ်ယောက်က ရဲရင့်တဲ့ စိတ်ကူးတွေနဲ့ အနာဂတ်ကို ကြည့်ပြီး၊ နောက်တစ်ယောက်က သတိထားမှုနဲ့ လက်ရှိကို လုံခြုံအောင် လုပ်တယ်။ United အတွက်ကတော့၊ ဒါဟာ မျှော်လင့်ချက်နဲ့အတူ လှိုင်းတစ်ရွေ့ရွေ့ဒါမှမဟုတ် ကန့်သတ်ချက်တွေနဲ့အတူ လုံခြုံမှုကို ရွေးချယ်ရတဲ့ ကိစ္စပါပဲ။