ဒီညဟာ Etihad Stadium ထဲမှာ အပြာရောင်ပရိသတ်တွေအတွက် မမေ့နိုင်တဲ့ ညတစ်ည ဖြစ်ခဲ့မှာပါ။ Manchester City ဟာ Sunderland ကို ၃-၀ နဲ့ အလွယ်တကူ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Arsenal က Aston Villa မှာ ရှုံးထားတာကြောင့် ထိပ်ဆုံးနဲ့ အမှတ် ၂ မှတ်ပဲ ကွာတော့တဲ့ အခြေအနေပါ။
ပွဲစပြီး မိနစ်အနည်းငယ်အတွင်းမှာတင် လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့သူကတော့ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ ပြင်သစ်လူငယ်လေး Rayan Cherki ပါ။ သူ့ရဲ့ ခြေလှမ်းတိုင်းဟာ ကဗျာဆန်ဆန်၊ သူ ဘောလုံးကို ထိတဲ့နေရာတိုင်းမှာ မှော်ဆန်တဲ့ အရိပ်အယောင်တွေ ထင်ရှားနေခဲ့ပါတယ်။ သူ့ကို ကြည့်နေရင် ဘောလုံးဟာ သူ့ခြေထောက်နားမှာ ချစ်သူတစ်ယောက်လို ကပ်တွယ်နေသလို ခံစားရပါတယ်။
ပထမပိုင်းမှာ City ဟာ ဘောလုံးပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းကျော်နဲ့ လွှမ်းမိုးထားပေမယ့် တချို့အချိန်တွေမှာ ဘောလုံးလည်ပတ်မှု နှေးကွေးနေတာကို Pep Guardiola က နားမလည်နိုင်တဲ့ မျက်နှာအမူအရာကြည့်နေခဲ့တယ်။ ပွဲရဲ့ အလှပဆုံး အချိန်ကတော့ ၆၅ မိနစ်မှာ ဖြစ်ပျက်ခဲ့တယ်။ Rayan Cherki ဟာ ညာခြမ်းကနေ အရှိန်နဲ့ ပြေးတက်လာပြီး ခြေနှစ်ချောင်းကြားကနေ rabona အကွက်နဲ့ ဘောလုံးကို တိတိကျကျ ပေးပို့လိုက်တယ်။ ဘောလုံးဟာ တိုင်ကိုထိပြီး Phil Foden ရဲ့ ခေါင်းတည့်တည့်ရောက်သွားခဲ့တာကြောင့် သာသာယာယာ ဂိုးသွင်းနိုင်ခဲ့တာပါ။ မန်စီးတီးပရိသတ်တွေ အားလုံး ဒီလို မျက်စိပသာဒ်ဖြသ်ဖွယ် ဒီကစားပုံ အခိုက်တန့်ကို မြင်ရတာ အတော်လေးကျေနပ်ခဲ့ကြမှာလဲဖြစ်ပါတယ်။
ပွဲပြီးဆုံးတဲ့အခါ Pep Guardiola က မီဒီယာတွေရှေ့မှာ Cherki ကို ချီးကျူးရင်း “သူ့မှာ တစ်ခုခု အထူးရှိတယ်။ ကျွန်တော် Messi နဲ့ အတူ ၁၅ နှစ်လောက် အလုပ်လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဒီလို ဘောလုံးမျိုး ကွေ့ပြီး ကန်တာကို Messi ဆီလုပ်တာမမြင်ဖူးဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို အမြဲပြောတယ်၊ ရိုးရှင်းတာကို မမှားနဲ့။ ရိုးရှင်းတာကို ပြီးပြည့်စုံအောင် လုပ်နိုင်ရင် မင်းလို အရည်အချင်းရှိတဲ့သူဆို ကောင်းကင်ကို ထိလို့ရတယ်။” လို့ ပြောရင်း သူ့ရဲ့ Cherki အပေါ်ချစ်ခင်မှုကို ဖော်ပြခဲ့ပါသေးတယ်။
Pep တစ်ယောက်Cherki ကို သုံးတဲ့ပုံစံကတော့ လုံးဝကို ဆန်းသစ်တယ်။ သူ့ကို တစ်ကွင်းလုံး လွတ်လွတ်လပ်လပ် ကစားခွင့်ပေးထားပါတယ်။ ဘယ်နေရာမှာ ဘောလုံးလိုချင်လိုချင် အဲ့နေရာကိုသွားယူလို့ရတယ်၊ ဘယ်နေရာမှာဖြစ်ဖြစ် overload လုပ်ချင်ရင်လည်း လုပ်လို့ရတယ်။ တခါတလေဆို ညာတောင်ပံကို လုံးဝချန်ထားပြီး ကစားသမားအားလုံးကို ကွင်းလယ်ပိုင်းထဲ စုထားတတ်ပါတယ်။ ဒါက ကွင်းလယ်မှာကစားရတာ ပိုလွယ်ကူစေပြီး Haaland၊ Doku၊ Foden တို့အတွက် ချိတ်ဆက်ဆက်နွယ်မှု ပိုမိုခိုင်မာလာစေခဲ့တယ်။
ဒီနွေရာသီမှာ လူတိုင်းမေးနေတဲ့ အကြီးမားဆုံး မေးခွန်းက “Kevin De Bruyne ရဲ့ ဖန်တီးမှုကို ဘယ်သူ အစားထိုးမလဲ” ဆိုတာပါ။ အထူးသဖြင့် De Bruyne နဲ့ Haaland ရဲ့ သဟဇာတဖြစ်မှုဟာ ကမ္ဘာ့အဆင့်တွေထဲက အမြင့်ဆုံးတစ်ခုဖြစ်ခဲ့တာကြောင့်ပေါ့။ အခုတော့ Cherki နဲ့ Doku တို့ နှစ်ယောက်စလုံး Haaland နားမှာ နီးနီးကပ်ကပ် ကစားနေတာကြောင့် ဖန်တီးမှု ဝန်ကို ခွဲဝေယူနိုင်ခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ ကွဲပြားတဲ့ အရည်အသွေးတွေ ယူဆောင်လာခဲ့ပါပြီ။
ဒီညနေခင်းမှာ Cherki ဟာ တကယ်ပဲ Sunderland အတွက် အဆင့်မြင့်လွန်းနေတယ်ဆိုတာသက်သေပြခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့် အခုဆိုရင် လူတိုင်းက “ဒီကောင်လေးဟာ Manchester City ရဲ့ အနာဂတ် ကြယ်ပွင့်အမှန်” ဆိုတာ လက်ခံလာကြပါပြီ။ အနိုင်ပွဲနဲ့အတူ Manchester City ဟာ အမှတ်ပေးဇယားထိပ်ဆုံးနဲ့ အမှတ် ၂ မှတ်ပဲ ကွာတော့တဲ့ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး၊ ဒီရာသီမှာ နောက်ထပ် ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ချက် ပိုမြင့်တက်လာခဲ့ပါတယ်။ ဒါဟာ Rayan Cherki ဆိုတဲ့ လူငယ်လေးရဲ့ ညပဲ ဖြစ်ခဲ့ပါတယ်။ သူ ဒီလို ဆက်လက် ထွန်းတောက်နေမယ်ဆိုရင် ကောင်းကင်ယံမှာ သူ့နာမည်နဲ့ ကြယ်တစ်လုံး ထပ်တိုးလာတော့မှာဆိုတာ…