မနေ့က Selhurst Park မှာ Tottenham Hotspur တို့ Crystal Palace ကို ၁-၀ နဲ့ အနိုင်ရရှိပြီး လိုအပ်နေတဲ့ ရလဒ်ကောင်းတစ်ခုကို ဖော်ဆောင်
နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၄၂ မိနစ်မှာဆယ်ကျော်သက်ကစားသမား Archie Gray က အနီးကပ်ပိတ်သွင်းပြီး သူ့ရဲ့ ပထမဆုံး Spurs သွင်းဂိုးကို ရယူပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါဟာ Pedro Porro ရဲ့ ထောင့်ကန်ဘောကတစ်ဆင့် ရရှိလာတဲ့ အခွင့်အရေးကို Lilywhites တို့က အမိအရ အသုံးချသွားနိုင်ခဲ့တာပါ။
အံ့သြစရာကောင်းတာက Spurs တို့ဟာ အဂိုးသွင်းပြီး ၇၅ မိနစ်ရောက်မှသာ နောက်ထပ် ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်ရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Palace တို့ဟာ ချေပဂိုးရဖို့ အသည်းအသန် ကြိုးစားခဲ့ကြပြီး ဒီရာသီ သူတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ ဘောလုံးပေးပို့မှု (၅၄၃) ကြိမ်နဲ့ အောင်မြင်တဲ့ ပေးပို့မှု (၄၃၂) ကြိမ်အထိ အများဆုံး ပြုလုပ်နိုင်ခဲ့ပါတယ်။Palace တို့ ဂိုးပေါက်ကန်သွင်းမှု ၁၅ ကြိမ်အထိ ရှိခဲ့ပေမယ့် ထိရောက်တဲ့ အခွင့်အရေး (Big chance) တစ်ကြိမ်မှ မဖန်တီးနိုင်ခဲ့တာက စိတ်ပျက်စရာပါ။ ဒါဟာ ၂၀၂၄ အောက်တိုဘာလက Nottingham Forest နဲ့ ပွဲစဉ်နောက်ပိုင်း သူတို့အတွက် ဂိုးရနိုင်ခြေ အားအနည်းဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် Crystal Palace တို့ ပွဲအပြီးမှာ ရှုံးနိမ့်မှုကို လက်ခံခဲ့ရတာပါ။ တကယ်တော့ Richarlison သွင်းယူခဲ့တဲ့ ဂိုးနှစ်ဂိုးသာ လူကျွံဘောအဖြစ် အပယ်မခံရဘူးဆိုရင် Spurs တို့ ဒီထက်ပိုပြီး ဂိုးပြတ်နိုင်ခဲ့မှာ ဖြစ်ပါတယ်။
အခုနိုင်ပွဲကြောင့် Spurs တို့ဟာ ဇယားအဆင့် ၁၁ ထိ တက်လှမ်းနိုင်ခဲ့ပြီး ပဉ္စမနေရာက Chelsea နဲ့ လေးမှတ်သာ ကွာဟပါတော့တယ်။
Archie Gray ရဲ့ ပထမဆုံး သွင်းဂိုး
ဒဏ်ရာပြဿနာတွေနဲ့ အသင်းရဲ့ မတည်ငြိမ်မှုတွေကြောင့် Archie Gray ဟာ ပြီးခဲ့တဲ့လကတည်းက Spurs ကွင်းလယ်မှာ အရေးပါတဲ့နေရာက ပါဝင်နေရသူပါ။ Selhurst Park က ပွဲစဉ်မှာတော့ ဒီလူငယ်လေးဟာ အရင်ကထက် ပိုမိုယုံကြည်မှုရှိရှိ ကစားပြနိုင်ခဲ့သလို အသင်းအတွက် အဖိုးတန် ၃ မှတ်ကိုလည်း ရှာဖွေပေးနိုင်ခဲ့ပါတယ်။ Archie Gray ဟာ Porro ရဲ့ ထောင့်ကန်ဘောကနေ Richarlison ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို Dean Henderson ရဲ့ ဂိုးပေါက်ထဲ အမြန်ဆုံး တုံ့ပြန်ပိတ်သွင်းသွားခဲ့တာပါ။ ဒီဂိုးကြောင့် သူဟာ ၂၀၁၆ ခုနှစ်က Dele Alli နောက်ပိုင်း Tottenham အတွက် ပရီးမီးယားလိဂ်ဂိုး သွင်းယူပေးနိုင်တဲ့ အသက်အငယ်ဆုံး အင်္ဂလန်ကစားသမား (၁၉ နှစ် ၂၉၁ ရက်) ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ဂိုးသွင်းရုံတင်မကဘဲ ခံစစ်ပိုင်းမှာလည်း ထူးချွန်ခဲ့တာကို တွေ့ရပါတယ်။ Palace တို့ ဖိအားပေးနေတဲ့ အချိန်မှာ သူဟာ ဘောလုံးဖျက်ထုတ်မှု ၄ ကြိမ်၊ ပိတ်ဆို့မှု ၁ ကြိမ်နဲ့ ကြားဖြတ်လုယူမှု ၁ ကြိမ် ပြုလုပ်ပြီး အသင်းကို ကူညီခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးပေးပို့မှုမှာလည်း ၄ ကြိမ်သာ လွဲချော်ခဲ့ပြီး Dribbling အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းအထိ ရှိခဲ့တာက ချီးကျူးစရာပါ။
Richarlison ရဲ့ အားထုတ်မှု
Richarlison အတွက်တော့ ဒီပွဲက နှမြောစရာပါပဲ။ VAR ဆုံးဖြတ်ချက်တွေသာ မျက်နှာသာပေးခဲ့ရင် သူဟာ ဂိုးသွင်းဘုရင်စာရင်းရဲ့ တတိယနေရာမှာ ၉ ဂိုးနဲ့ ရပ်တည်နေမှာ ဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးအတွက် ဂိုးကံမပါခဲ့ပေမယ့် ဒီနိုင်ပွဲအတွက် သူဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
Archie Gray ဂိုးသွင်းနိုင်ဖို့ ခေါင်းတိုက်ချပေးခဲ့တာက သူ့ရဲ့ အတ္တကင်းတဲ့ ကစားဟန်ကို ပြသခဲ့တာပါ။ Richarlison ဟာ ကွင်းအတွင်း နေရာအနှံ့ လိုက်ပါကစားခဲ့သလို Dribble ၁၂ ကြိမ်မှာ ၆ ကြိမ်အထိ အနိုင်ရရှိပြီး အသင်းရဲ့ တိုက်စစ်ကို အသက်ရှူချောင်စေခဲ့ပါတယ်။ ဖျက်ထုတ်မှု ၂ ကြိမ်နဲ့ ဘောလုံးပြန်လည်ရယူမှု ၄ ကြိမ် ပြုလုပ်ခဲ့တဲ့အပြင် ဂိုးရနိုင်တဲ့ အခွင့်အရေး ၃ ကြိမ်အထိလည်း ဖန်တီးပေးခဲ့တာကို တွေ့ရမှာပါ။
Crystal Palace ရဲ့ Set-piece အားနည်းချက်
Crystal Palace တို့ဟာ ဒီရာသီမှာ ကစားဟန်ကောင်းမွန်ပြီး အဆင့် ၄ က Liverpool နဲ့ ၆ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မှာ ပြင်ဆင်ရမယ့် ကြီးမားတဲ့ အားနည်းချက်တစ်ခုရှိနေတာကတော့ Set-piece ခေါ် တည်ကန်ဘောတွေကနေ ဂိုးပေးနေရခြင်းပါပဲ။
Gray ရဲ့ သွင်းဂိုးဟာ Palace တို့ ဒီရာသီ Set-piece ကနေ ၁၀ ဂိုးမြောက် ပေးလိုက်ရတဲ့ဂိုး ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ အဆိုပါ ၁၀ ဂိုးထဲက ၆ ဂိုးဟာ ဒီဇင်ဘာလအတွင်းမှာတင် ပေးခဲ့ရတာ ဖြစ်လို့ ဒီပြဿနာဟာ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုရပါမယ်။ Chris Richards နဲ့ Daniel Munoz တို့လို နောက်ခံလူတွေ မပါဝင်နိုင်တာက အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပေမယ့် Oliver Glasner အနေနဲ့ ဒီအားနည်းချက်ကို အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။