Robert Lewandowski ၃၇ နှစ်ပြည့်ပြီးနေပြီဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် ငါမအိုမသေးဘူးဆိုတာကွင်းထဲမှာ ကိုယ်တိုင်ပြသနေတုန်းပဲ။ ဘောလုံးရဲ့သဘောသဘာဝ အရတော့ Barcelonaဟာ Lewandoskiနေရာကို အစားထိုဖို့ စီစဉ်နေပြီလို့ သတင်းတွေထွက်နေတယ်။
Lewandowski ဆိုတာ တကယ့်ဂန္တဝင်ပဲ။ Bayern Munich မှာ ၁၀ နှစ်ဆက်တိုက်ကစားခဲ့တယ်။ ၃၄၄ ဂိုး၊ Bundesliga ၈ ကြိမ်၊ Champions League တစ်ကြိမ် နဲ့ ရနိုင်သမျှအကုန်ရခဲ့တယ်။ ၂၀၂၂ Barcelona ကို ရောက်လာတော့လည်း ၁၀၈ဂိုးသွင်းထားပြီးပြီ။ လိဂ်ဖလား ၂လုံး အပြင် အခြား domestic ဖလားတွေက်ိုလဲ ၁လုံစီ ရယူပေးထားနိုင်ခဲ့တယ်။ ဘာစီလိုနာအသင်းရဲ့ Financial Crisis ကာလ ဘက်ဂျက်မရှိတဲ့ချိန်မှာ တည်ငြိမ်မှုနဲ့ ရက်စက်မှုကို ယူဆောင်လာပေးခဲ့တယ်။
ဒါပေမဲ့ သူ့စာချုပ်က နောက်နွေရာသီမှာ ကုန်တော့မယ်။ အစားထိုးဖို့ နာမည်ထွက်လာတာက Harry Kane။ ဟုတ်ပါတယ်၊ Lewandowski ကို ရောင်းခဲ့တဲ့ Bayern ကပဲ အခုသူတို့ရဲ့ နံပါတ် ၉ တိုက်စစ်မှူးကို ထပ်ရောင်းဦးပို့မယ့်ပုံပဲ။ ဘောလုံးလောကက တစ်ခါတစ်လေရယ်စရာကောင်းတယ်။ ဒီနှစ်ယောက်က နောက်ဆုံး ၁၀ နှစ်လောက်က အကောင်းဆုံး နံပါတ် ၉ တွေဆိုတာ အာလုံးလက်ခံပြီးသားပါ။ တကယ်လို့ Barcelona ကို Kane ပြောင်းမယ်ဆိုရင် ဘာတွေပြောင်းလဲသွားမလဲ?
Kane နဲ့ Lewandowskiကို ဆုဖလားပိုင်းယှဉ်
မယ်ဆိုရင် ယှဉ်ရက်စရာတောင်မရှိဘူး။ Lewandowski က ကလပ်ဘက်မှာ စုစုပေါင်း ဖလား ၃၂ လုံး ယူထားပြီးပြီ။ Kane ကတော့ ၂၀၂၅ ရောက်မှပဲ ပထမဆုံးဖလား နှစ်ခုရတယ်။ ဒါက Kane အပြစ်တော့မဟုတ်ဘူး။ Tottenham မှာ သူ့ကစားသမားဘဝ နစ်မွန်းခဲ့ရတာကိုး။ ဒါ့အပြင် အဓိကဆုဖလားတွေကို အမြဲတမ်း လက်တစ်ကမ်းအကွာမှာ ရှုံးနေခဲ့ရတာလဲ Kaneပါပဲ။ England နဲ့လည်း Euros ဖိုင်နယ်တက်ပြီး ရှုံးခဲ့ရသေးတယ်။
သွင်းဂိုးနဲ့ ဖန်တီးမှုကျတော့ ဇာတ်လမ်းကပြောင်းသွားတယ်။ ကလပ်ဘက်မှာ Lewy ၆၁၇ ဂိုး နဲ့ ဂိုးဖန်တီးမှု၁၅၅ကြိမ်၊ Kane က ၄၁၅ ဂိုး နဲ့ ဂိုးဖန်တီးမှု၁၀၈ ကြိမ် လုပ်ပြထားနိုင်တယ်။ ပွဲတိုင်းမှာ ပျှမ်းမျှအားဖြင့် Lewy က ၀.၉၀ ဂိုးပါဝင်မှုနှုန်းရှိပြီး Kane က ၀.၈၄ရှိတယ်။ သိပ်တော့မကွာဘူး။ဒီရာသီမှာတော့ Kane က Bundesliga ၁၀ ပွဲ ၁၃ ဂိုးသွင်းထားတယ်။ Lewandowski က La Liga ၉ ပွဲမှာ၇ ဂိုးသွင်းထားနိုင်တယ်။ နှစ်ယောက်လုံး ထိပ်တန်းအဆင့်မှာ ရှိနေတုန်းပါ။ ဒါပေမဲ့ ကွာခြားချက်ကြီးက ဘယ်လိုဂိုးသွင်းလဲ မဟုတ်ဘူး။ ဘောလုံးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာမှာ ရှိနေတယ်။
Lewandowski က တကယ့်ဂန္တဝင် ဗဟိုတိုက်စစ်မှူး။ ခံစစ်ကို အမြဲနှိုးဆွနေမယ်၊ ပင်နယ်တီဧရိယာမှာ အသက်ရှင်မယ်၊ အခွင့်အရေးတိုင်းကို အပြတ်အသတ် အဆုံးသတ်မယ်။ ၂၀၁၇-၁၈ ကစပြီး လိဂ်ဂိုး ၂၃၇ ဂိုး၊ အဲဒီထဲက ၁၇၁ ဂိုးက open play ကနေရခဲ့တာပါ။ Harry Kane ကစားပုံကျတော့ တစ်မျိုးထူးဆန်းတယ်။ ၂၀၁၇-၂၀၁၈ အဲဒီအချိန်အတောအတွင်း လိဂ်ဂိုး ၂၁၀ရှိထားပေမယ့် ဂိုးဖန်တီးမှု ၅၃ ကြိမ်လုပ် ပေးထားတယ်။ အခွင့်အရေး ၃၂၈ ကြိမ် ဖန်တီးထားတယ်။ သူက ခံစစ်ပြိုင်ဘက်လိုင်းကြားထဲကို တိုးဝင်လေ့ရှိပြီး အသင်းဖော်တွေကို အသက်ရှုချောင်အောင် လုပ်ပေးတတ်တယ်။ Long ball ကောင်းကောင်း ပေးနိုင်တယ်၊ ပြိုင်ဘက်ခံစစ်တစ်ကြောလုံးကို ချိုးဖျက်ပေးနိုင်တယ်။ အဲဒီ ၈ ရာသီနီးပါးလုံးမှာ through-ball က ၅၈ ကြိမ်နဲ့ ဂိုးဖန်တီးမှုလုပ်ပေးထားနိုင်တယ်။ Long ball အကြိမ်၄၅၀ထိ ပေးပို့ထားပြီး အခွင့်ရေးတွေကို ဖန်တီးပြထားခဲ့တယ်။ Lewy က through-ball ၂၉ ကြိမ်ပဲ ရှိတယ်။ ခံစစ်ကို ဖိအားပေးပုံလည်း မတူဘူး။ Kane က ပြိုင်ဘက်ခံစစ်ကို မော်ဒန်ဘောလုံးနည်းစနစ်အတိုင်း ဆွဲထုတ်ချင်တယ်။ ဘောလုံးကို နောက်ကနေ မတက်လာအောင် ပိတ်တယ်။ Lewy ကတော့ အမြဲခံစစ်လိုင်းအမြင့်ဆုံးမှာ နေပြီး ခံစစ်နှစ်ယောက်ကို တစ်ချိန်လုံး ဖိအားပေးနေတယ်။ လွယ်လွယ်ပြောရရင် ဘောလုံးစောင့်ကစားတတ်သူနဲ့ ဘောလုံးကိုလိုက်ရှာကစားတတ်သူ လို့မြင်ယောင်ကြည့်လို့ရတယ်။
Kane ကို Barcelona ကစားကွက်ထဲ ထည့်လိုက်ရင် Lamine Yamal နဲ့ Raphinha တွေ နောက်ကျန်ခဲ့တဲ့ နေရာလွတ်တွေ ပိုကျယ်သွားမယ်။ ဘာလို့လဲဆိုတော့ ပြိုင်ဘက်ခံစစ်ကစားသမားတွေ သူ့ကို လိုက်ပြီးဖိအားပေးဖို့ ရှေ့တက်လာရမယ်။ Pedri၊ Frenkie de Jong၊ Gavi တို့ရဲ့ Triangle က ဘောလုံးကို အလယ်ကနေ ဖြန့်ပေးနိုင်မယ်။တကယ်လို့ Guardiola ခေတ်က false-nine ကို ပြန်သတိရချင်တယ်ဆိုရင် Kane က အဲဒီပုံစံကို ပြန်ယူလာနိုင်တဲ့သူပဲ။
Lewandowski ကတော့ အနားယူမှာမဟုတ်သေးဘူး။ AC Milan လို ကလပ်တွေက စောင့်နေတယ်လို့ ကြားတယ်။ Serie A က ခြေနည်းနည်းကျသွားပေမယ့် ဘောလုံးဉာဏ်နဲ့ ဂိုးသွင်းနိုင်စွမ်း မကျသေးတဲ့ တိုက်စစ်မှူးတွေအတွက် အိမ်ကောင်းရာကောင်းတစ်ခုပဲ။ ဒါကြောင့် အသက် ၃၇ နှစ်ရှိပြီးဖြစ်တဲ့ ဂိုးသွင်းစက်ကြီးကနေ အသက် ၃၂ နှစ်အရွယ် ဂိုးသွင်းပြီး ဖန်တီးလို့လည်းရတဲ့ ရှေ့မကျနောက်မကျ စက်ကို ပြောင်းတာ အချိန်ကိုက်ကျလွန်းတယ်လို့ ပြောရမယ်။ နှစ်ယောက်လုံးကတော့ တိုက်စစ်မှာ ပြိုင်ဆိုင်ရှားဂန္တဝင်တွေပါ။ ခေတ်မတူသလို ပုံစံလဲမတူပါဘူး။ ဒါပေမဲ့ တကယ်လို့ ဒီသတင်းတွေသာအမှန်ဖြစ်လာရင် Camp Nou မှာ နံပါတ် ၉ အရွေ့တစ်ခုကို အချိုဆုံးနဲ့ မြင်ရတော့မယ်။