Innwa-Ads-Banner-1-1170X200

Guardiola ရဲ့ ဂုဏ်ယူမှု – ၂၀၂၅ ကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တဲ့ City

Manchester City ပရိသတ်တွေအတွက်တော့ နှစ်သစ်ကူးကာလမှာ အားတက်စရာ သတင်းစကားတစ်ခု ရောက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ အသင်းရဲ့ အင်ဂျင်နီယာလို့ တင်စားရတဲ့ ကွင်းလယ်လူ Rodri တစ်ယောက် အသင်းဆီ ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ နည်းပြ Pep Guardiola ကတော့ လွန်ခဲ့တဲ့ ၁၂ လအတွင်း သူ့အသင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် “ဘယ်တုန်းကထက်မဆို ပိုပြီးဂုဏ်ယူမိတယ်” လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း Premier League ရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး အသင်းကို ပြပါဆိုရင် Manchester City ကိုပဲ ပြရမှာပါ။ City ဟာ တစ်ပွဲပျမ်းမျှရမှတ် ရရှိမှုနှုန်းမှာ အမြဲ ထိပ်ဆုံးက ပြေးနေတဲ့ Arsenal ကိုတောင် ကျော်ဖြတ်ပြီး အကောင်းဆုံး အနေအထားကို ပိုင်ဆိုင်ထားပါတယ်။ ဒီအချက်ဟာ ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့ ရာသီတစ်ခုအပြီးမှာ Guardiola တို့အသင်း ဘယ်လောက်အထိ စိတ်ဓာတ်ခိုင်မာစွာနဲ့ ပြန်လာနိုင်ခဲ့သလဲဆိုတာ သက်သေပြနေတာပါ။

Guardiola က အသင်းရဲ့ အခက်အခဲတွေကို ပြန်ပြောင်းပြောပြရာမှာတော့ “ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာတွေကို ကျော်ဖြတ်ပြီး ရရှိလာတဲ့ ဒီရလဒ်တွေဟာ အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး အခိုက်အတန့်တွေထဲက တစ်ခုပါပဲ” လို့ ဆိုပါတယ်။ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေတင်မကဘဲ နောက်ကွယ်က ဝန်ထမ်းတွေရဲ့ ကြိုးစားမှုကလည်း အံ့မခန်းပါပဲ။ အခြေအနေတွေ အဆိုးရွားဆုံးဖြစ်နေချိန်မှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို City အသင်းသားတွေက ကောင်းကောင်းကြီး ပြသနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

အသင်းရဲ့ အဓိကအားနည်းချက် ဖြစ်ခဲ့ရတဲ့အချက်ကတော့ ၂၀၂၄ စက်တင်ဘာလမှာ ရရှိခဲ့တဲ့ Rodri ရဲ့ အရွတ်ဒဏ်ရာ ပြဿနာပါပဲ။ အဲဒီဒဏ်ရာကြောင့် Rodri ဟာ ၂၀၂၅ တစ်နှစ်လုံးမှာ Premier League ပွဲစဉ် ၂ ပွဲသာ ကစားနိုင်ခဲ့ပြီး အသင်းဟာလည်း သိသိသာသာ ရလဒ်တွေ ကျဆင်းခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ဒဏ်ရာကနေပါ ပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက် Rodri ကို Sunderland နဲ့ ပွဲစဉ်မှာ မြင်တွေ့ရဖို့ ရှိနေတာလဲဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့က ပေါင် ၁၇၂ သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေဟာလည်း အသင်းအတွက် ကယ်တင်ရှင်တွေ ဖြစ်လို့နေပါပြီ။ “သူတို့သာ မရှိခဲ့ရင် ကျွန်တော်တို့ Champions League ဝင်ခွင့်ရဖို့တောင် မလွယ်ပါဘူး၊ Conference League လောက်ပဲ ကစားနေရမှာပါ” လို့ Guardiola က ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။ ဒီကစားသမားသစ်တွေရဲ့ အားဖြည့်မှုကြောင့်ပဲ City ဟာ Arsenal နဲ့ ၅ မှတ်အကွာ၊ လက်ကျန်တစ်ပွဲအသာနဲ့ ချန်ပီယံလမ်းကြောင်းပေါ်ကို ပြန်ရောက်လာခဲ့တာပါ။
အခု ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ City ဟာ အကြီးအကျယ် အပြောင်းအလဲလုပ်ဖို့ မရှိပေမဲ့ Bournemouth ရဲ့ တိုက်စစ်မှူး Antoine Semenyo ကို ခေါ်ယူဖို့ အတော်လေး နီးစပ်နေပါတယ်။ Semenyo ရဲ့ (Long Throw) စွမ်းရည်ဟာ လက်ရှိ City မှာ လိုအပ်နေတဲ့ ကစားကွက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ Rodri လို ကစားသမားမျိုး ပြန်လာပြီး Semenyo လို လက်နက်သစ်တွေသာ ထပ်တိုးလာမယ်ဆိုရင် ၂၀၂၆ ခုနှစ်ဟာ Manchester City အတွက် ပြိုင်ဘက်တွေ ကြောက်လန့်ရမယ့် နှစ်တစ်နှစ် ဖြစ်လာဦးမှာ အသေအချာပါပဲ။