ရာသီအစမှာ ဖရိုဖရဲဖြစ်နေတဲ့ Nottingham Forest ကို ကြည့်ပြီး ပရိသတ်တွေ အတော်စိတ်ညစ်ခဲ့ကြရမှာပါ။ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါပြီ။ နည်းပြသစ် Sean Dyche ရောက်လာပြီးနောက် Forest ဟာ ခံစစ်အသွင်အပြင် ပြောင်းသွားသလို၊ တိုက်စစ်ပိုင်းမှာလည်း ပြိုင်ဘက်တွေ ကြောက်ရလောက်တဲ့အထိကို ကောင်းသွားတာပါ။
တနင်္ဂနွေနေ့ညရဲ့ အမှတ်ပေးဇယားအရ Nottingham Forest ဟာ အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။ တကယ်တော့ Forest ဟာ အဆင့် ၁၆ မှာ ရှိနေတယ်ဆိုပေမဲ့ ဒါဟာ ကိန်းဂဏန်းသက်သက်ပဲ ဖြစ်ပါတယ်။ Sean Dyche စတင်ကိုင်တွယ်ချိန်ကစပြီး ရရှိခဲ့တဲ့ ရမှတ်စုစုပေါင်းကို ကြည့်မယ်ဆိုရင် Forest ဟာ ထိပ်သီး ၄ သင်းကလွဲလို့ ကျန်တဲ့အသင်းအားလုံးထက် ပိုများနေတာကို တွေ့ရမှာပါ။ Tottenham ကို နိုင််ခဲ့တဲ့ပွဲဟာလည်း အသင်းရဲ့ သိသိသာသာ ပြောင်းလဲမှုကို ဖော်ပြနေပြီး ဒါဟာ “ထိပ်တန်းအသင်းတစ်သင်းရဲ့ ခြေလှမ်းမျိုး” နဲ့ တိုးတက်လာတာပဲ ဖြစ်ပါတယ်။
Dyche မရောက်ခင်က Forest ရဲ့ အခြေအနေဟာ တကယ့်ကို အသည်းအသန်ဖြစ်ခဲ့တာပါ။ ၉ ပွဲကစားပြီးချိန် ၅ မှတ်ပဲ ရသေးသလို၊ Ange Postecoglou လက်အောက်မှာ ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ပြီး အဆင့် ၁၈ မှာ နစ်မွန်းနေခဲ့တာပါ။ဒါပေမဲ့ Sean Dyche ရောက်လာပြီးနောက် ၈ ပွဲမှာ ၁၃ မှတ်အထိ ရယူကာ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ သူရဲ့ ပျမ်းမျှရမှတ် 1.625 အရဆိုရင် ရာသီကုန်မှာ ၆၂ မှတ်ဝန်းကျင်အထိ ရနိုင်ခြေရှိပြီး ဒါဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၈ ရခဲ့တဲ့ Brighton ရဲ့ စွမ်းဆောင်ရည်ထက်တောင် ပိုမိုကောင်းမွန်နေတာပဲ ဖြစ်ပါတယ်။
တကယ်တော့ Forest ရဲ့ လူအင်အားအရ ဒီလိုလိဂ် အောက်ခြေမှာ ရှိနေသင့်တဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နွေရာသီမှာ ရင်းနှီးမြှုပ်နှံခဲ့တာတွေက အဆင့် ၇ (၆၅ မှတ်) ဆိုတဲ့ အောင်မြင်မှုကို ဆက်ထိန်းဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ နည်းပြတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေတာက ကစားသမားတွေကို လမ်းပျောက်စေခဲ့ပါတယ်။ ဒါကြောင့် Dyche ရဲ့ တာဝန်ကတော့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ပြန်မြှင့်တင်ပေးဖို့နဲ့ အသင်းရဲ့ ရှုပ်ထွေးနေတဲ့ ကစားကွက်ကို ရှင်းလင်းပေးဖို့ပဲ ဖြစ်ပါတယ်။
Dyche ဟာ ကစားသမားတွေနဲ့ ပွင့်ပွင့်လင်းလင်း လိုချင်တာရအောင် ပြောဆိုဆက်ဆံပြီး သူတို့ရဲ့ တာဝန်တွေကို တိတိကျကျ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် အသင်းကို ငှားရမ်းခဲ့တဲ့ George Syrianos နဲ့လည်း ဆက်ဆံရေးကောင်းတာကြောင့် Postecoglou လက်ထက်ကလို ဝေဝေဝါးဝါး အခြေအနေတွေ မရှိတော့ပါဘူး။
Dyche ဟာ အခြေခံကိုပြန်သွားခြင်း ဆိုတဲ့အတိုင်း ခံစစ်ကို စနစ်တကျ ပြန်လည်စုဖွဲ့ခဲ့တယ်။ တည်ကန်ဘောတွေကို ကာကွယ်ပုံ၊ ဘောလုံးပြန်ရအောင် ဖိအားပေးပုံ စတာတွေကို အဓိကထားခဲ့တဲ့အတွက် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ပေးဂိုးမရှိ (Clean Sheet) ရယူနိုင်ခဲ့ပါတယ်။
Dyche ကို Burnley နဲ့ Everton ခေတ်ကလို “Direct Football” သမားလို့ပဲ ထင်ရင် မှားပါလိမ့်မယ်။ အခု Forest မှာတော့ လိုအပ်ရင် ခံစစ်ကနေ ဘောလုံးတည်ဆောက်ကစားတဲ့ (Build-up) ပုံစံကိုပါ ပေါင်းစပ်လာပါပြီ။ ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလိုက်တဲ့အတွက် Morgan Gibbs-White နဲ့ တောင်ပံကစားသမားတွေဟာ သူတို့ရဲ့ အစွမ်းအစကို အပြည့်အဝ ထုတ်ပြခွင့်ရလာကြပါတယ်။
နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ကစားသမားတွေရဲ့ ‘ကြံ့ခိုင်မှု’ပါ။ Dyche ရဲ့ လေ့ကျင့်ခန်းတွေဟာ ပြင်းထန်ပြီး ထိရောက်မှုရှိတဲ့အတွက် Liverpool လို အသင်းကြီးကို ၃-၀ နဲ့ အနိုင်ယူနိုင်ခဲ့သလို၊ Tottenham နဲ့ပွဲမှာလည်း Callum Hudson-Odoi ရဲ့ တန်ပြန်တိုက်စစ် သွင်းဂိုးတွေနဲ့အတူ ပြိုင်ဘက်ကို အသက်ရှူရကျပ်အောင် ဖိအားပေးနိုင်ခဲ့တာပါ။
အချုပ်ပြောရမယ်ဆို Sean Dyche ဟာ လူအင်အားတော့ တောင့်ပေမဲ့လည်း လမ်းပျောက်နေတဲ့ Forest ကစားသမားတွေကို စိတ်ဓာတ်ပိုင်းရော၊ ကစားကွက်ပိုင်းပါ ပြန်လည်တည့်မတ်ပေးနိုင်ခဲ့ပါတယ်။ အခက်အခဲတွေကြားက အသင်းကို ဘယ်လိုပြန်တည်ဆောက်ရမလဲဆိုတာ ကောင်းကောင်းသိတဲ့အတွက် အသင်းရဲ့ အနာဂတ်ဟာ ပိုမိုတောက်ပလာဖို့ပဲ ရှိပါတော့တယ်။ City Ground ကွင်းကြီးထဲမှာ Sean Dyche ရဲ့ စီမံကိန်းတွေ အောင်မြင်နေပြီး စည်းလုံးညီညွတ်စွာ အရှိန်အဟုန်နဲ့ ဆက်လက်ချီတက်နေပြီပဲ ဖြစ်ပါတယ်။