ဥရောပရဲ့ ထိပ်တန်းလိဂ်တွေကို တစ်ချက်ကြည့်လိုက်မယ်ဆိုရင် စိတ်လှုပ်ရှားစရာ ချန်ပီယံလုပွဲတချို့ကို မြင်တွေ့ရနိုင်ပေမဲ့ Serie A လောက်တော့ ခုချိန်မှာပြိုင်ဆိုင်မှုနီးစပ်မနေပါဘူး။ လက်ရှိ အီတလီအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးလေးသင်းကြားမှာ ရမှတ် ၃ မှတ်သာ ကွာဟပါတော့တယ်။ ဇယားထိပ်ဆုံးက Inter က မြို့ခံပြိုင်ဘက် Milan ထက် ၁ မှတ်အသာနဲ့ ဦးဆောင်နေပြီး လက်ရှိချန်ပီယံ Napoli က တတိယ၊ Roma က စတုတ္ထနေရာမှာ အသီးသီး ရပ်တည်နေကြပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၆ ရာသီအတွင်းမှာ ကလပ်အသင်း ၄ သင်းက Scudetto ဆုဖလားကို ခွဲဝေယူခဲ့ကြတဲ့ အစဉ်အလာရဲ့ အကောင်းဆုံး နောက်ဆက်တွဲ ရလဒ်လည်း ဖြစ်ပါတယ်။ Inter နဲ့ Napoli က နှစ်ကြိမ်စီ အနိုင်ရခဲ့ကြသလို၊ Milan နဲ့ လက်ရှိ အဆင့် ၅ နေရာက Juventus တို့ကလည်း တစ်ကြိမ်စီ ဗိုလ်စွဲထားကြပါတယ်။
တစ်လှည့်စီ ဖလားလုခဲ့ကြတဲ့ Calcio ရဲ့ ရွှေရောင်နေ့ရက်များ
အခုလက်ရှိ အခြေအနေဟာ Serie A ရဲ့ အစောပိုင်းနဲ့ နောက်ပိုင်း ရွှေရောင်ကာလတွေကို ပြန်လည်အမှတ်ရစေပါတယ်။ Serie A လိဂ်ဟာ ဥရောပကို စတင်စိုးမိုးခဲ့တဲ့ ၁၉၈၂/၈၃ ကနေ ၁၉၉၀/၉၁ ရာသီအထိ ၉ ရာသီအတွင်းမှာ မတူညီတဲ့ ချန်ပီယံ ၇ သင်းအထိ ရှိခဲ့ဖူးတဲ့ မှတ်တမ်းကောင်းတွေ ရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက Hellas Verona နဲ့ Sampdoria တို့ဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းသော ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့သလို၊ Diego Maradona ရဲ့ ဦးဆောင်မှုနဲ့အတူ Napoli တို့ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့တာ၊ Roma တို့ သူတို့သမိုင်းမှာ ဒုတိယအကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တာတွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အီတလီမြောက်ပိုင်းက အင်အားကြီး သုံးသင်းဖြစ်တဲ့ Juve, Inter နဲ့ Milan တို့ကလည်း ဖလားတွေကို အလှည့်ကျ သိမ်းပိုက်ခဲ့ကြတာပါ။
၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အဆုံးပိုင်းမှာတော့ Juve နဲ့ Milan တို့က ပြည်တွင်းမှာရော ဥရောပမှာပါ လွှမ်းမိုးထားနိုင်ခဲ့ပေမဲ့ ၄ နှစ်ဆက်တိုက် မတူညီတဲ့ ချန်ပီယံ ၄ သင်း ထွက်ပေါ်ခဲ့ပြန်ပါတယ်။ အီတလီဘောလုံးလောကဟာ ငွေကြေးဆိုင်ရာ ပြဿနာတွေနဲ့ ပွဲစဉ်အရှုပ်တော်ပုံတွေထဲ မကျဆုံးခင် အထွတ်အထိပ်ကာလကို ရောက်ရှိခဲ့တာပါ။
ရာစုနှစ်အကူးမှာ အသက်ဝင်လာတဲ့ Scudetto ပြိုင်ပွဲ
Marcello Lippi ရဲ့ ပထမအကြိမ် စွမ်းဆောင်မှုနဲ့အတူ ၁၉၉၇/၉၈ ရာသီမှာ Juve က နောက်ဆုံးအကြိမ် ဖလားရခဲ့ပြီးနောက် Milan က တစ်ကြိမ် ချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မြို့တော် “ရောမ”အခြေစိုက် ကလပ်နှစ်သင်းက သူတို့သမိုင်းမှာ ပထမဆုံးအကြိမ် လိဂ်ကို စိုးမိုးနိုင်ခဲ့ပါတယ်။၁၉၉၉ ခုနှစ်မှာ Milan ရဲ့ နောက် ၁ မှတ်အကွာနဲ့ ဒုတိယရခဲ့တဲ့ Lazio ဟာ နောက်တစ်နှစ်မှာတော့ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့ Perugia ကွင်းမှာ Juve ရဲ့ မထင်မှတ်ထားတဲ့ ရှုံးနိမ့်မှုကြောင့် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၁/၀၂ ရာသီမှာတော့ Fabio Capello ရဲ့ Roma က သူတို့ရဲ့ တတိယမြောက်နဲ့ နောက်ဆုံး Scudetto ဆုဖလားကို ၂ မှတ်အသာနဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ၂၀၁၉/၂၀ ရာသီအထိတော့ Scudetto ဖလားတွေကို Juve နဲ့ Inter တို့ကပဲ အဓိက စိုးမိုးထားခဲ့ပါတယ်။ Milan က ၂ ကြိမ်သာ ရယူနိုင်ခဲ့သလို ၂၀၀၄/၀၅ ရာသီမှာတော့ Calciopoli အရှုပ်တော်ပုံကြောင့် ချန်ပီယံဆုကို ပယ်ဖျက်ခဲ့ရပါသေးတယ်။ Inter က ၅ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့ပြီးနောက်မှာ Milan က တစ်ကြိမ် ကြားဖြတ်ဗိုလ်စွဲခဲ့ပေမဲ့ Juve ကတော့ ၉ နှစ်ဆက်တိုက် လိဂ်ကို တစ်ဦးတည်း မူပိုင်လို စိုးမိုးခဲ့ပါတယ်။
ဒီရာသီမှာ မြင်တွေ့ရမယ့် အပြောင်းအလဲနဲ့ အကြိတ်အနယ်ပွဲစဉ်များ
အခုအချိန်မှာတော့ အားလုံးက ပြောင်းလဲသွားပါပြီ။ ပြီးခဲ့တဲ့ ရာသီမှာ Antonio Conte က Napoli ကို ဦးဆောင်ပြီး အမှတ်ပေးဖလား ရယူပေးခဲ့သလို၊ ဒီရာသီမှာလည်း ထိပ်သီးအသင်းတွေကြား အပြတ်အသတ် အမှတ်ကွာဟနေတဲ့အသင်း မရှိတော့ပါဘူး။ Inter မှာ လူငယ်နည်းပြ Cristian Chivu ရှိနေသလို၊ Milan နဲ့ Napoli တို့မှာတော့ ဝါရင့်နည်းပြတွေဖြစ်တဲ့ Massimiliano Allegri နဲ့ Conte တို့က အသီးသီး ဦးဆောင်နေပါတယ်။ ဒါ့အပြင် Luciano Spalletti ရဲ့ လက်အောက်က Juventus ဟာလည်း ချန်ပီယံလမ်းကြောင်းပေါ်မှာ ရှိနေဆဲပါ။
Roma ကို ကြည့်မယ်ဆိုရင်လည်း Atalanta ကို Europa League ချန်ပီယံ ဖြစ်အောင် လုပ်ပေးခဲ့တဲ့ Gian Piero Gasperini က ကိုင်တွယ်နေပါတယ်။ ကြီးကျယ်တဲ့ ကလပ်အသင်းတွေကြားထဲမှာ အခုလို အမှတ်ကွာဟချက် အနည်းဆုံးနဲ့ ယှဉ်ပြိုင်နေရတဲ့ ဒီရာသီ Serie A ရဲ့ ချန်ပီယံဆုကို ဘယ်သူပဲ သိမ်းပိုက်နိုင်ပါစေ၊ ဒါဟာ တကယ်ကို ခက်ခဲစွာ တိုက်ယူရမယ့် အောင်မြင်မှုတစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် Series Aဟာ ဒီနှစ်ကြည့်ကိုကြည့်ရမယ့် လိဂ်တစ်ခုအဖြစ် စာရင်းဝင်လာခဲ့ပါပြီ။