Innwa-Ads-Banner-1-1170X200

Bruno Fernandes ဟာ ယူနိုက်တက်အတွက် ဘယ်လောက်အရေးပါနေသေးလဲ?

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ သတင်းတွေကပျင်းရတယ်လို့က်ို မရှိပါဘူး။ အသင်းခေါင်းဆောင်က အသင်းဘုတ်အဖွဲ့ကို ဝေဖန်ပြောဆိုလိုက်ပုံက၂၀၀၁ ခုနှစ်က Roy Keane ရဲ့ ပုံစံနဲ့ ၂၀၂၅ ခုနှစ်က Bruno Fernandes ရဲ့ ပုံစံ အတော်လေးသွားတူနေတယ်။

Bruno Fernandes ဟာ ပြီးခဲ့တဲ့လက နိုင်ငံတကာပွဲသွားကန်နေတဲ့အချိန် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အသင်းဘုတ်အဖွဲ့ကို တိုက်ရိုက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ နွေရာသီမှာ Al Hilal အသင်းက ကမ်းလှမ်းလာချိန်မှာ အသင်းရဲ့ ငွေကြေးဆိုင်ရာ တာဝန်ရှိသူတွေက သူ့ကို ရောင်းချချင်ခဲ့တယ်လို့ ယုံကြည်မိတာကြောင့် Fernandes ဟာ “နာကျင်ရပြီး ဝမ်းနည်းခဲ့ရတယ်” လို့ ဆိုခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ ဆော်ဒီအာရေးဘီးယားမှာ ကမ်းလှမ်းတဲ့ ငွေကြေးတွေကို ငြင်းပယ်ခဲ့ပြီး သူ့ရဲ့ စကားအတိုင်း “မိသားစုအကြောင်းရင်းတွေကြောင့်ပဲ မဟုတ်ပါဘူး၊ ကျွန်တော် အသင်းကို တကယ်ချစ်မြတ်နိုးလို့ပါ” လို့ ဆိုခဲ့ပါတယ်။ နည်းပြ Ruben Amorim နဲ့ ဆွေးနွေးမှုတွေလည်း ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ခဲ့ပြီး ယူနိုက်တက် နည်းပြဟာ Bruno ကို Old Trafford မှာ ဆက်လက်ထိန်းထားသင့်တယ်လို့ ပြောင်ပြောင်တင်းတင်း တောင်းဆိုခဲ့ပါတယ်။Fernandes ရဲ့အင်တာဗျူးမှာ ဘယ်နေရာမှာမှ စကားလုံးတွေ လျှော့မပြောခဲ့ပါဘူး။ နည်းပြရဲ့ ဆန္ဒနဲ့ သူ့ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအကြပ် နှင်ထုတ်ဖို့ ဒါရိုက်တာတွေမှာ သတ္တိ မရှိခဲ့ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဒါဆို Brunoဟာ မန်ချက်စတာယူနိုက်တက်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကြည့်လိုက်ကြရအောင်။

နွေရာသီ ဖြစ်ရပ်တွေဟာ အတိအကျ မှန်ကန်တယ်ဆိုရင် ကလပ်ကို Bruno ရောက်ရှိလာကတည်းက Fernandes ရဲ့ စွမ်းဆောင်ရည်တွေနဲ့ မကြာသေးခင်ကာလ ပွဲတွေကို ကြည့်ရင် ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က်ို ဘယ်သူမှ သဘောမတူနိုင်ပါဘူး။ အသင်းမှာ ရှိနေခဲ့တဲ့ ခြောက်နှစ်အတွင်း Brunoဟာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပြီး ဂိုးပေါင်း (၁၀၃) ဂိုး၊ ဂိုးဖန်တီးမှု (၉၃ကြိမ်)နဲ့ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ သူဟာ ဒဏ်ရာကြောင့် ပွဲ (၃) ပွဲပဲ လွဲချော်ခဲ့ရပြီး ပွဲထွက်ခွင့် (၃၀၇) ကြိမ်အဖြစ် အများဆုံး ရှိနေခဲ့ပါသေးတယ်။၂၀/၂၁ Premier League ရာသီ စတင်ကတည်းက အနည်းဆုံး မိနစ် ၂၈၀၀ ကစားခဲ့တဲ့ ကွင်းလယ်နဲ့တိုက်စစ်မှူး ကစားသမားအားလုံးထဲမှာ Brunoပါဝင်ခဲ့ပါတယ်။ လိဂ်တစ်ခုလုံးမှာ ဂိုးနဲ့ ဖန်းတီးပေးမှု နှစ်ခုစလုံးမှာလည်း ဒုတိယနေရာ ရရှိထားတာပါ။ ဒီရာသီမှာတောင် ယူနိုက်တက်အသင်းဟာ တိုက်စစ်လိုင်းကို ပြန်လည်တည်ဆောက်ရာမှာ Bryan Mbeumo၊ Matheus Cunha နဲ့ Benjamin Sesko တို့အတွက် ပေါင် သန်း၂၀၀ သုံးစွဲခဲ့ပေမဲ့ ကွင်းလယ်ကနေ ကစားရတဲ့ Fernandes ဟာ အသင်းရဲ့ ဂိုးသွင်းနိုင်တဲ့အဓိက ကစားသမားအဖြစ် ဆက်လက် ရှိနေဆဲပါ။

သူ့ရဲ့ ဂိုးပါဝင်ပတ်သတ်မှု (၁၂) ဂိုး (ဂိုး ၅ ဂိုး၊ ဖန်တီးမှူ၇ ကြိမ်) ဟာ Mbeumo ထက် ၅ ကြိမ်ပိုများပြီး Premier League တစ်ခုလုံးမှာ Erling Haaland (၂၀) ပြီးရင် Brunoက ဒုတိယ ဖြစ်ပါတယ်။ ဒါတောင် ရာသီအစပိုင်းမှာ ပင်နယ်တီ နှစ်ဂိုးလွဲချော်ခဲ့တာ ပါဝင်ပါသေးတယ်။ ယူနိုက်တက်ရဲ့ ရလဒ်ကောင်းတွေ ရရှိရေးမှာ အဓိက ကစားသမားဆိုတာလဲ ငြင်းလို့မရပါဘူး။နောက်ဆုံး ပွဲ ၉ ပွဲမှာ ဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ကြ်ိမ် ပြုလုပ်နိုင်ခဲ့ပြီး Premier League သမိုင်းမှာ အဝေးကွက်း ၅ပွဲဆက်တိုက် ပြုလုပ်ပေးနိုင်ခဲ့တဲ့ပဉ္စမမြောက် ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့တာပါ။ ဟိုတစ်လောတုန်းက ယူနိုက်တက်ဟာ Arsenal ကိုကျော်ပြီး“Set Piece FC” ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တာလည်း မတော်တဆ မဟုတ်ပါဘူး။ တည်ကန်ဘောတွေကနေ ၁၁ ဂိုး ရရှိခဲ့ပြီး လိဂ်မှာ အများဆုံး ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး လအနည်းငယ်အတွင်း Bruno က အဲဒီ ၁၁ဂိုးထဲက ဂိုး ၆ ဂိုးကို ဖန်တီးပေးခဲ့တာပါ။

လာမယ့် ရက်သတ္တပတ်တွေမှာ Mbeumo နဲ့ Amad တို့ Africa Cup of Nations ပွဲစဉ်တွေကြောင့် ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။ လိဂ်မှာ အကောင်းဆုံး စွမ်းဆောင်နေတဲ့ Aston Villa နဲ့ အဝေးကွင်း ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဂ်ိုးတွေအတွက် Fernandes ကို ပိုမို မှီခိုရဦးမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့မှာ ဘုတ်အဖွဲ့နဲ့ အခြား သံသယရှိသူတွေကို သူ့ရဲ့ တန်ဖိုးကိုထပ်မံပြသခဲ့ဦးမယ်ဆိုရင် အံ့ဩစရာတော့မရှိပါဘူး။ Fernandes ဟာ အသက် ၃၀ ကျော်ပြီဆိုတာ ပရိဘောဂဟောင်းလို ပြုပြင်ဖို့ ဒါမှမဟုတ် အစားထိုးဖို့ လိုအပ်တယ်လို့ ရှုမြင်ခံနိုင်ရပေမဲ့ ဥရောပမှာရှိ ဘယ်အသင်းမဆို သူလာရင် လက်ခံဦးကြမှာပါ။ ဟုတ်ပါတယ်၊ ယူနိုက်တက်မှာ ငွေကြေးဆိုင်ရာ ပြဿနာတွေ ရှိပါတယ်။ ဒါပေမဲ့ Fernandes ဟာ ဘယ်စာရွက်ပေါ်က ဘယ်ကိန်းဂဏန်းတွေထက်မဆို အများကြီးတန်ဖိုးရှိပါတယ်။ သူတို့ရဲ့ ခေတ်သစ် Bryan Robson ဖြစ်တဲ့ အသင်းခေါင်းဆောင်Brunoဟာ လက်ရှိနဲ့ အနာဂတ်ရဲ့ အဓိက အချက်အချာ ဖြစ်နေဆဲဆိုတာ ယူနိုက်တက်အနေနဲ့ သိသားသင့်ကြောင်း ပြောကြားရင်းး..