Innwa-Ads-Banner-1-1170X200

သင်မသိလိုက်နိုင်တဲ့ Erling Haaland ရဲ့ စံချိန်မှတ်တမ်း ၉ခု

Erling Haaland ဟာ Manchester City အသင်းအတွက် ပွဲပေါင်း ၁၁၁ ပွဲမှာတင် Premier League ဂိုး ၁၀၀ ပြည့်ခဲ့ပြီး၊ ပရီးမီးယားလိဂ်ရဲ့ Hall of Fame ဂန္တဝင်တွေ ထဲက တစ်ယောက်ဖြစ်လာဖို့ နီးစပ်လာနေပါပြီ။ နော်ဝေသားလေး ဟာ ခြေစွမ်းပြလိုက်တဲ့ အချိန်တိုင်း ဂိုးတွေ အများကြီးကို လွယ်လွယ်ကူကူ သွင်းယူပြီး အံ့အားသင့်စရာ ကောင်းလောက်အောင် စွမ်းဆောင်ပြနေတာပါ။

Haalandဟာ ဂိုး ၁၀၀ မပြည့်ခင်မှာတင် ကလပ်အသင်းဂိုး ၂၉၈ ဂိုး ရှိနေခဲ့ပြီး၊ ဒီရာသီမှာ ပြိုင်ပွဲစုစုပေါင်း၂၅ ပွဲကနေ ၂၄ဂိုး သွင်းယူထားပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာပရီးမီးယားလိဂ်ပထမဆုံးရာသီ ၅၂ ဂိုး၊ နောက်ရာသီ ၃၈ ဂိုး၊ ၂၀၂၄-၂၅ ရာသီမှာ ၃၄ ဂိုး သွင်းယူခဲ့ပြီး ကိုယ့်ကိုယ်ကို အရမ်းမြင့်မားတဲ့ စံချိန်စံနှုန်း တွေချမှတ်ထားသူပါ။ ဒီရာသီမှာလည်း သူ့ရဲ့ ခြေစွမ်းဟာ ပိုကောင်းလာနေပြီး Premier League မှာ မန်စီးတီးနဲ့စာချုပ်သက်တမ်း ၉နှစ်ထိ ပြည့်အောင်ကစားမယ်ဆိုရင် Alan Shearer ရဲ့ ဂိုးအများဆုံး စံချိန်မှတ်တမ်းကို မကြာခင် ချိုးနိုင်တော့မှာပါ။ အမှန်တော့ သူ အဲဒီ စံချိန်မှတ်တမ်းတွေထဲကတစ်ခု ကိုချိုးဖျက်ခဲ့ပြီးသားပါ။ ဘယ်လို စံချိန်တွေကို Erling Haaland တစ်ယောက် လူမသိသူမသိချိုးဖျက်ထားလဲဆိုတာ ကြည့်လိုက်ကြရအောင်။

၁. Premier League ဂိုး ၁၀၀ အမြန်ဆုံး ရောက်ရှိသူ

Haaland မတိုင်ခင် Alan Shearer ဟာ ဂိုး ၁၀၀ရောက်ဖို့ ပွဲပေါင်း ၁၂၄ ပွဲ ကစားခဲ့ရပြီး ဒီစံချိန်ဟာအမြန်ဆုံး ဖြစ်ခဲ့ပါတယ်။ သူ့နောက်မှာ Harry Kane က ၁၄၁ ပွဲ နဲ့ ဒုတိယနေရာမှာရှိနေခဲ့တာပါ။ Haaland ကတော့ ပွဲပေါင်း ၁၁၁ ပွဲမှာတင် ဂိုး ၁၀၀ ပြည့်ခဲ့ပြီး နှစ်ယောက်စလုံးကို လွယ်လွယ်ကူကူ ကျော်ဖြတ်သွားခဲ့ပါတယ်။ ဒီစံချိန်မှတ်တမ်းဟာ ချိုးဖျက်ဖို့ ခက်ခဲမယ့် စံချိန်မှတ်တမ်း တစ်ခု ဖြစ်ပါလိမ့်မယ်။

၂. Champions League ဂိုး ၅၀ အမြန်ဆုံး ရောက်ရှိသူ

Haaland ဟာ ၂၀၂၃-၂၄ ရာသီမှာတင် ချန်ပီယံလိဂ် ၃၅ ပွဲကစားပြီး Champions League ဂိုး ၄၀ ပြည့်ခဲ့ပါတယ်။ နောက်ရာသီမှာ ၁၄ပွဲထပ်ကစားပြီး စုစုပေါင်း ၄၉ပွဲမှာ ဂိုး ၅၀ ပြည့်ခဲ့ကာ နောက်ထပ်စံချိန်မှတ်တမ်းကိုရိုက်ချိုးပြခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်ရင် Lionel Messi က ၆၆ ပွဲ၊ Mbappé က ၇၉ ပွဲ နဲ့ ဒီစံချိန်တွေကို အသီးသီးရယူထားကြတာပါ။ ဒါပေမယ့် Haalandကတော့ ၄၉ပွဲနဲ့ အကုန်လုံးကိုဖြတ်ကျော်ပြခဲ့ပါတယ်။

၃. တစ်ရာသီတည်း Premier League ဂိုးအများဆုံးသွင်းတဲ့သူ

အရင်ကတည်းက Alan Shearer ရဲ့ မှတ်တမ်း တစ်ခုကို Haaland ချိုးဖျက်ခဲ့တာပါ။ ၂၀၂၂-၂၃ Manchester Cityနဲ့ ပထမဆုံးရာသီမှာတင် ပွဲတိုင်းလိုလို ဂိုးသွင်းခဲ့ပြီး Premier League ဂိုး ၃၆ ဂိုး သွင်းယူခဲ့ပါတယ်။Shearer ဟာ ၁၉၉၃-၉၄ ရာသီမှာ ၃၄ ဂိုး သွင်းခဲ့ပြီး Andy Cole နဲ့ ပူးတွဲ စံချိန်မှတ်တမ်း ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ပရီးမီးယားလိဂ်ဟာ ပွဲအရေတွက်၄၂ ပွဲ ကစားရတဲ့အချိန်ကာလဖြစ်ပါတယ်။

၄. သြဂုတ်လမှာ Premier League ဂိုးအများဆုံး သွင်းယူခဲ့သူ

ရာသီ အဖွင့်ငါးပွဲမှာ ၉ ဂိုး သွင်းယူခဲ့ပြီး ဒီမှတ်တမ်းဟာ တော်တော်များများ ဘယ်သူမှမချိုးနိုင်ပဲတည်ရှိနေမယ့် စံချိန်မှတ်တမ်း ဖြစ်ပါလိမ့်မယ်။

၅. အိမ်ကွင်း သုံးပွဲဆက်တိုက်ဟက်ထရစ် သွင်းယူခဲ့တဲ့ ပထမဆုံး ကစားသမား

Manchester City နဲ့ ပထမရာသီမှာတင် Crystal Palace၊ Nottingham Forest နဲ့ Manchester United ကို အိမ်ကွင်းမှာ ဟက်ထရစ် သွင်းယူခဲ့ပါတယ်။ သြဂုတ်လမှာ Palace နဲ့ Forest ကို ၆ ဂိုး သွင်းခဲ့ပြီး၊ စက်တင်ဘာလအစပိုင်းမှာတော့ Manchester United ကို သုံးဂိုး ထပ်သွင်းခဲ့ပါတယ်။

၆. Premier League ဟက်ထရစ် သုံးခု အမြန်ဆုံး သွင်းယူခဲ့သူ

Premier League ၈ ပွဲမှာတင် ဟက်ထရစ် သုံးကြိမ်ရခဲ့ပြီး Haaland မတိုင်ခင် Michael Owen က ၄၈ ပွဲ နဲ့ စံချိန်ချိုးထားတာပါ။ ၈ပွဲနဲ့ ၄၈ပွဲကွာဟမှုက ဘယ်လောက်တိုင် အံဩဖို့ကောင်းလိုက်လဲ?

၇. Premier League ရာသီ နှစ်ရာသီဆက်တိုက် Golden Boot နှစ်ကြိမ်ရယူခဲ့တဲ့ ပထမဆုံး ကစားသမား

Manchester City ကိုရောက်ခါစမှာ Haaland ကိုဘယ်သူမှ လိုက်မမှီခဲ့ပါဘူး။ Harry Kane ပရီးမီးယားလိဂ်က ပြောင်းသွားပြီးနောက် ဂိုးအများဆုံးသွင်းတဲ့ဇယားမှာ ထိပ်ဆုံးကနေ အေးအေးဆေးဆေး အမြဲနေရာယူနိုင်ခဲ့ပါတယ်။ပြိုင်ဘက်ဆိုလို မိုဆာလာသာ ရှိခဲ့တာပါ။ ၂၀၂၂-၂၃ ရာသီ ၃၆ ဂိုး၊ ၂၀၂၃-၂၄ ရာသီ ၂၇ ဂိုး သွင်းယူခဲ့ပြီး Golden Bootကို နှစ်ရာသီဆက်တိုက် ဆွတ်ခူးခဲ့ပါတယ်။

၈. Premier League ကစားသမား တစ်ရာသီတည်း ပြိုင်ပွဲအားလုံး ဂိုးအများဆုံး သွင်းယူခဲ့သူ

Haaland ရဲ့ ပြိုင်ပွဲအရပ်ရပ် ၅၂ ဂိုးဟာ Mohamed Salah နဲ့ Ruud van Nistelrooy ရဲ့ ၄၃ ဂိုး မှတ်တမ်းကို ကျော်ဖြတ်ခဲ့ပါတယ်။ ဂိုးအများဆုံး ရာသီ စံချိန်မှတ်တမ်း ကတော့ Dixie Dean ရဲ့ ၆၃ ဂိုး ဖြစ်ပြီး ဒါကိုချိုးဖျက်ဖို့ Haaland မှာ အချိန်ရှိပါသေးတယ်။

၉။ ကလပ်သုံးခု အတွက် Champions League ငါးပွဲ ဆက်တိုက် ဂိုးသွင်းယူခဲ့တဲ့ ပထမဆုံး ကစားသမား

ဒီစံချိန်မှတ်တမ်းဟာ သူ့ရဲ့ ခြေစွမ်းတစ်သမတ်တည်းဖြစ်နေမှု ကိုသိသာထင်ရှားစေခဲ့ပါတယ်။ Salzburg အတွက် ၂၀၁၉-၂၀ ရာသီ၊ Borussia Dortmund အတွက် ၂၀၂၀-၂၁ ရာသီ၊ ပြီးတော့ Manchester City အတွက် ၂၀၂၅-၂၆ ရာသီတွေမှာ Champions League ငါးပွဲ ဆက်တိုက် ဂိုးသွင်းယူခဲ့ပါတယ်။ ဒါဟာလွယ်ကူတဲ့ အလုပ် မဟုတ်ပါဘူး။