ပရီးမီးယားလိဂ် Gameweek 16ပြီးပြီးဆိုတော့ ထုံးစံအတိုင်း ပရိသတ်တွေ သတိမထားမလိုက်နိုင်တဲ့ စိတ်ဝင်စားစရာ အချက်တစ်ချို့ကိုပြောပြပေးချင်ပါတယ်။ ဒီအပတ်မှာတော့ Phil Foden ဟာ သူ့ရဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းထားနိုင်ဆဲဖြစ်ပြီး၊ Mo Salah ရဲ့ အပြုံးဟာ လီဗာပူးမှာတစ်ဖန်ပြန်လည် ပေါ်လာခဲ့ပါပြီ။ Jarrod Bowen ဟာလည်း ဝက်စ်ဟမ်းအတွက် ဂိုး+ဖန်တီးမှု၁၀၀ ပြည့်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ကဲဒါဆိုကြည့်လိုက်ကြရအောင်။
Mo Salah ရဲ့ အပြုံး တစ်ဖန်ပြန်လည် မြင်ရခြင်း
Mo Salah ဟာ ပရီးမီးယာလိဂ်မှာ Liverpool အတွက် ဂိုးပါဝင်မှု အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။Mo Salah ဟာ ပရီးမီးယာလိဂ် ပွဲစဉ် လေးပွဲ ဆက်တိုက် အရန်ခုံမှာ စတင်ခဲ့ရပေမဲ့၊ ဒဏ်ရာရသွားတဲ့ Joe Gomez နေရာ လူစားဝင်ကစားခဲ့ရပါတယ်။ ကွင်းထဲဝင်ပြီး တစ်နာရီမပြည့်ခင်မှာတင် Salah ဟာ သမိုင်းစာမျက်နှာသစ်ကို ရေးထိုးနိုင်ခဲ့တာပါ။ Hugo Ekitike ရဲ့ ဒုတိယဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ Liverpool အတွက် ပရီးမီးယားလိဂ် ဂိုးပါဝင်မှု စုစုပေါင်း ၂၇၇ ဂိုး (ဂိုး ၁၈၈ နဲ့ဂိုးဖန်တီးမှု ၈၉ ကြိမ်)ထိရှိသွားခဲ့ပါပြီ။ Wayne Rooney ရဲ့ Manchester United အတွက် ၂၇၆ ဂိုးကို ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ် တင်နိုင်ခဲ့တာလဲဖြစ်ပါတယ်။
David Moyes အတွက် Stamford Bridge ကျိန်စာ
David Moyes ဟာ Stamford Bridge မှာ ပရီးမီးယားလိဂ် နိုင်ပွဲရှာမတွေ့သေးပါဘူး။ Everton ဟာ နောက်ဆုံးငါးပွဲမှာ လေးပွဲ အနိုင်ရရှိထားတာကြောင့် Chelsea ကိုဒုက္ခပေးနိုင်မယ်ထင်ခဲ့ပေမဲ့၂-၀ ရှုံးပွဲနဲ့ သာ ကြုံတွေ့ခဲ့ရပါတယ်။ ဒီရလဒ်က David Moyes ရဲ့ Chelsea ကို အနိုင်မရခဲ့တဲ့ ပွဲပေါင်း၂၁ ပွဲ အထိရောက်ရှိခဲ့ပြီး အဲ့ဒီထဲမှာ ရှုံးပွဲ ၁၄ ပွဲ ပါဝင်ခဲ့ပါတယ်။Everton ဟာ Stamford Bridge မှာ လိဂ်ပွဲ ၃၁ ပွဲ ဆက်တိုက် အနိုင်မရခဲ့တာဖြစ်ပြီး ဒီ streak run ဟာ ၁၉၉၄ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။
Bukayo Saka က စံချိန်စံနှုန်းတွေကိုသတ်မှတ်ခဲ့ခြင်း
Bukayo Saka ဟာ နောက်ဆုံး ၁၀ ရာသီ အတွင်း Arsenal ကစားသမားတွေထဲမှာ တစ်ဦးချင်းကျော်ဖြတ်မှု အများဆုံးပြုလုပ်နိုင်ခဲ့တဲ့အပြင် ၁၀၀ ရာခိုင်နှုန်းအထိ အနိုင်ရခဲ့တာကြောင့် စံချိန်မှတ်တမ်းသစ်တင်နိုင်ခဲ့ပါတယ်။ Bukayo Saka ဟာ နှစ်ဂိုး ဖန်တီးပေးခဲ့ပြီး Wolves ကို ၂-၁ နဲ့အနိုင်ရခဲ့ပါတယ်။ ဒီတောင်ပံကစားသမားရဲ့ လွှမ်းမိုးမှုဟာ ကွင်းတစ်ခုလုံး ပျံ့နှံ့ခဲ့ပြီး၊ ပြိုင်ဘက် ပင်နယ်တီ ဧရိယာ ထဲ ထိတွေ့မှု (၆ ကြိမ်)၊ အခွင့်အရေး ဖန်တီးမှု (၄ ကြိမ်) နဲ့ အောင်မြင်တဲ့ လိမ်ခေါက်ကျော်ဖြတ်မှု (၃ ကြိမ်)ထိ ရှိခဲ့တာလဲဖြစ်ပါတယ်။ ဝမ်းနည်းစရာက Wolves ဟာ ပရီးမီးယားလိဂ်မှာ ကိုးပွဲ ဆက်တိုက် ရှုံးနိမ့်တဲ့ ပထမဆုံး ဖြစ်လာခဲ့သလို ခုချိန်ထိနိုင်ပွဲမရသေးပါဘူး။
Phil Foden ရဲ့ ပင်နယ်တီဧရိယာဘောက်စ် အပြင်ဘက်က အတွေးစများ
ပရီးမီးယားလိဂ်၂၀၂၃/၂၄ ရာသီကတည်း ခုထိပင်နယ်တီဧရိယာဘောက်စ် အပြင်ဘက်ကနေ ဂိုး အများဆုံး သွင်းယူခဲ့တဲ့ ကစားသမားဟာ Phil Foden ပဲ ဖြစ်ပါတယ်။ Phil Foden ဟာ သူ့ရဲ့ ပုံစံကောင်း၊ ခြေစွမ်းကောင်းကို ဆက်လက် ထိန်းထားခဲ့ပြီး နောက်ဆုံး ပရီဍမီးယာဍလိဂ် လေးပွဲ အတွင်း ၆ဂိုးသွင်းနိုင်ခဲ့ပါတယ်။
Spurs ရဲ့ အမှားတွေဟာ ဒဏ်ရာဖြစ်လာပြီးလား
Tottenham ဟာ ဒီရာသီမှာ ပေးဂိုး ခွင့်ပြုလိုက်ရတဲ့ အမှား ငါးကြိမ်ထိကျူးလွန်ခဲ့ပြီးပါပြီ။Nottingham Forest မှာ ၃-၀ ရှုံးနိမ့်ခဲ့ပြီး၊ Thomas Frank အတွကလည်း ဖိအား အတော်လေးများလာခဲ့ပါတယ်။ပထမဂိုးဟာ အထူးသဖြင့် တော်တော်လေး ညံ့ဖျင်းခဲ့ပြီး အမှားတွေဆက်တိုက်ကျူးလွန်းနေတာပါ။
Jarrod Bowen ရဲ့ ဂိုးပါဝင်မှု တစ်ရာ ပြည့်ခြင်း
Jarrod Bowen ဟာ West Ham အတွက် ပရီးမီးယားလိဂ် ဂိုးပါဝင်မှု ၁၀၀ ပြည့်ခဲ့ပါပြီ။Jarrod Bowen ရဲ့ဂိုးဟာ West Ham ကို အနိုင်မရစေခဲ့ပေမဲ့ တစ်ကိုယ်ရည်စာအဆင့်မှာတော့ စံချိန်သစ်တင်နိုင်တော့မှာပါ။ သူဟာ နောက်ထပ် ဂိုးပါဝင်မှု တစ်ကြိမ် ရရှိတာနဲ့ Michail Antonio ရဲ့ ဂိုးပါဝင်မှု ၁၀၁ ဂိုးနဲ့ စံချိန်တူဖြစ်လာမှာ ဖြစ်ပါတယ်။
ကဲဒါတွေကတော့ သတိမထားမိနိုင်တဲ့ စိတ်ဝင်စားစရာအချက်တစ်ချို့ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်၁၆ဟာ ရင်ခုန်စရာတွေနဲ့ပြည့်နှက်လို့နေခဲ့ပါတယ်။