တောင်ပိုင်း ဆီနီဂေါနိုင်ငံရဲ့ နက်ရှိုင်းရာမှာရှိတဲ့ Bambali လို့ခေါ်တဲ့ ကျေးရွာလေးတစ်ရွာမှာ ဘောလုံးကန်ချင်တဲ့ အိပ်မက်မက်နေတဲ့ ကောင်လေးတစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူ့မှာ ကစားပွဲကြည့်ဖို့ တီဗီမရှိ၊ စီးဖို့ ဖိနပ်မရှိ၊ လေ့ကျင့်ဖို့ ကွင်းကောင်းကောင်းလည်း မရှိခဲ့ပါဘူး။ အဲဒီကောင်လေးဟာ Sadio Mané ပါပဲ။ သူ့ရဲ့ လူသွားများဖုန်ထူတဲ့လမ်းတွေကနေ ကမ္ဘာကျော်ခြေသရဖူ ဆွတ်ခူးရာကတစ်ဆင့် နောက်ဆုံးမှာတော့ သူ့ကိုမွေးဖွားကြီးပြင်းစေခဲ့တဲ့ ရွာကိုပြန်ရောက်လာပြီး ပြန်လည်တည်ဆောက်ပေးခဲ့တာပါ။
ကြီးပြင်းလာခဲ့စဉ်က Mané ရဲ့ဘဝဟာ ရုန်းကန်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။မိသားစုက ကျောင်းလခတောင် မတတ်နိုင်ခဲ့ဘူး၊ မိဘတွေကလည်း မဖြစ်နိုင်တဲ့ အိပ်မက်ကို လိုက်ဖို့ထက် ပညာတတ်ဖို့ကို သူတို့က လမ်းညွှန်ချင်ခဲ့ကြတယ်။ဒါပေမယ့် Mané ရဲ့နှလုံးသားကတော့ ဘောလုံးကိုပဲ စွဲလမ်းနေခဲ့တယ်။ ဘောလုံးသမားဖြစ်ချင်တယ်လို့ သူပြောတဲ့အခါ မိဘတွေက သူအရူးဖြစ်သွားပြီလို့တောင် ထင်ခဲ့ကြတယ်။ဒါကြောင့် အသက် ၁၅ နှစ် အရွယ်မှာပဲ Sadio Mané ဟာ ပစ္စည်းထည့်ဖို့အိတ်ကိုယ်တိုင်ချုပ်ပြီး ဘယ်သူကိုမှ မပြောဘဲ အိမ်ကထွက်ခွါခဲ့တယ်။မြို့တော် Dakar ကို ဘတ်စ်ကားစီးသွားခဲ့တယ်။ အခွင့်အရေးတစ်ခုခုကို ရှာဖွေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ခရီးကတော့ ကြမ်းတမ်းခဲ့တယ်။ သူ့မှာ ပိုက်ဆံမရှိ၊ အသိမရှိ၊ ဘယ်မှာအိပ်ရမှန်းလည်း မသိခဲ့ဘူး။ အရာအာလုံးအထမမြောက်ခဲ့ပဲရွာကိုသာပြန်လာခဲ့ရတယ်။
ဒါပေမယ့် ကံကြမ္မာက လူငယ်ဘောလုံးပြိုင်ပွဲတစ်ခုမှာ သူ့ကိုရှာတွေ့သွားခဲ့တယ်။ အဲဒီမှာ Scoutတွေဟာ သူရဲ့ ကစားဟန်နဲ့ မမောတမ်းကစားပုံတွေကို မျက်ချေမပြတ်ကြည့်ရှုခဲ့ကြတယ်။အဲဒီကစားဟန်က အားလုံးကို ပြောင်းလဲသွားစေခဲ့တယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ Mané ဟာ ဆီနီဂေါရဲ့ နာမည်ကျော် အကယ်ဒမီ Generation Foot မှာ ပါဝင်ခဲ့ပြီး ပြင်သစ်က FC Metz ကို ရောက်ရှိသွားခဲ့တယ်။
ဒါဟာ Red Bull Salzburg၊ Southampton နဲ့ နောက်ဆုံး Liverpool အထိ ရောက်ရှိသွားမယ့် သူ့ကစားသမားဘဝ ခရီးရဲ့ အစပဲဖြစ်တယ်။ Liverpool မှာတော့ ကမ္ဘာ့အကြောက်ရဆုံး တိုက်စစ်ကစားသမားတစ်ဦး ဖြစ်လာခဲ့တယ်။ Liverpool မှာ Mané ရဲ့ စွမ်းဆောင်ချက်တွေဟာ အံ့မခန်းပါပဲ။ Premier League၊ Champions League၊ FA Cup တို့ကို အနိုင်ရခဲ့ပြီး African Player of the Year ဆုကိုလည်း ရရှိခဲ့တယ်။
ဒါပေမယ့် ကမ္ဘာကြီးက သူရဲ့ဆုတံဆိပ်တွေကို ချီးကျူးနေချိန်မှာတောင် သူဘယ်ကလာခဲ့တယ်ဆိုတာကို ဘယ်တော့မှ မေ့ခဲ့ဘူး။ကွင်းပြင်ပေါ်မှာ သူရယူခဲ့တဲ့ အောင်မြင်မှုတိုင်းဟာ Bambali ရွာကို တစ်ခုခု ပြန်ပေးအပ်နိုင်ဖို့ အခွင့်အရေးသစ်တစ်ခု ဖြစ်လာခဲ့တယ်။ သူဟာ ခေတ်မီပစ္စည်းကိရိယာတွေနဲ့ ပြည့်စုံတဲ့ ဆေးရုံ၊ ကလေးရာချီအတွက် စာသင်းကျောင်း၊ ကျေးရွာသားတွေကို လစဉ်ငွေကြေးထောက်ပံ့မှု ပေးခဲ့သလို နောက်မျိုးဆက်သစ်တွေ ဖုန်တွေကြားမကစားရဘဲ မှန်ကန်တဲ့မြက်ခက်းပေါ်မှာ ကစားနိုင်ဖို့ အားကစားကွင်း တစ်ကွင်းတောင် ဆောက်လုပ်ပေးခဲ့တယ်။
ဘာကြောင့် ဒီလိုလုပ်တာလဲလို့ သူ့ကိုမေးတဲ့အခါ Mané ရဲ့အဖြေက ရိုးရှင်းပါတယ်။
“ကျွန်တော့်အတွက် Ferrari ၁၀စီး၊ စိန်နာရီ ၊ ကိုယ်ပိုင် jet ၂စီးတောင် ဘာဖြစ်လို့လိုအပ်ရမှာလဲ။ ကျွန်တော်ကြီးပြင်းလာတဲ့ကျေးရွာမှာ လူတွေက တစ်လကို ဒေါ်လာ ၇၀ နဲ့ နေထိုင်နေကြတုန်းလေ။ ကျွန်တော်က လူတွေကို ကူညီတာကို ပိုကြိုက်တယ်။”
ဒီစကားလုံးတွေဟာ သူဘယ်သူလဲဆိုတာရဲ့ ပုံရိပ်ဖော်မှုတစ်ခုဖြစ်လာခဲ့တယ်။ သူပိုင်ဆိုင်တဲ့အရာတွေနဲ့ မဟုတ်ဘဲ သူပေးအပ်တတ်တဲ့အရာတွေနဲ့ သတ်သတ်မှတ်မှတ်ရှိတဲ့ ဘောလုံးသမားတစ်ယောက်ပေါ့။ နောက်ပိုင်း ဆော်ဒီအာရေဗျ ကိုရောက်သွားချိန်မှာတောင် Mané ဟာ Bambali ရွာကို နွေရာသီတိုင်း ဆက်လက်သွားရောက်ခဲ့ပြီး ကျေးရွာက ကလေးတွေနဲ့ ဘောလုံးကန်ကာ သူထောက်ပံ့ခဲ့တဲ့ စီမံကိန်းတွေကို စစ်ဆေးခဲ့တယ်။ သူတို့အတွက်တော့ သူဟာ စူပါစတားတစ်ယောက်တင်မကဘူး၊ မိသားစုတစ်ယောက်ပါပဲ။
Sadio Mané ရဲ့ဇာတ်လမ်းဟာ ကျော်ကြားမှု ဒါမှမဟုတ် ချမ်းသာကြွယ်ဝမှု အကြောင်းမဟုတ်ပါဘူး။ ရည်ရွယ်ချက်အကြောင်းပါ။ ခမ်းနားကြီးမြတ်မှုဆိုတာ ကိုယ်ရယူခဲ့တဲ့ ဆုတံဆိပ်အရေအတွက်နဲ့ တိုင်းတာတာမဟုတ်ဘဲ၊ ခရီးတစ်လျှောက်မှာ ကိုယ်ဖြစ်တည်ခဲ့တဲ့ ဘဝတွေနဲ့ တိုင်းတာတယ်ဆိုတာကို သူက သတိရစေတယ်။ ဆီနီဂေါရဲ့ ဖုန်တွေကြားမှာ ခြေဗလာနဲ့ ပြေးလွှားခဲ့တဲ့ ကောင်လေးကနေ သူ့ကျေးရွာလေးကို အလင်း၊ မျှော်လင့်ချက်နဲ့ ဂုဏ်သိက္ခာကို ပေးအပ်ခဲ့တဲ့ လူကြီးတစ်ယောက်ဖြစ်ခဲ့ပါပြီ။ Sadio Mané ဟာ ကိုယ့်အိပ်မက်ကို လိုက်ဖမ်းဖို့ အိမ်ကထွက်ခွာနိုင်ပေမယ့်၊ အိမ်ဆိုတာကိုတော့ ကိုယ့်နှလုံးသားထဲမှာ ထာဝရ သယ်ဆောင်သွားနိုင်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့တယ်။