Innwa-Ads-Banner-1-1170X200

ဟာဇီလာရဲ့ ဘရိုက်တန်အခြေအနေ

ဘရိုက်တန်ကနေ နည်းပြ ဒီဇာဘီထွက်တော့မယ်ဆိုတဲ့အချိန်မှာ သူ့နေရာကို ဆက်ခံမယ့်နည်းပြ ဘယ်သူဖြစ်မလဲလို့ စိတ်ဝင်စားခဲ့ကြပါတယ်။ အထူးသဖြင့်တော့ ဒီဇာဘီလက်အောက်မှာ ကစား သမားကောင်းတွေကို မွေးထုတ်ပြီး ကစားပုံကောင်းတစ်ခုလည်းရှိအောင် တည်ဆောက်ပြနိုင်ခဲ့ တာကြောင့် သူတို့အသင်းကို စိတ်ဝင်စားကြတဲ့သူတွေ ကြားမှာ ဘရိုက်တန်ရဲ့အခြေအနေ ဘယ် လိုဖြစ်လာမလဲက မေးခွန်းတစ်ခုပါ။

ဘရိုက်တန်တို့က ဒီဇာဘီအထွက်မှာ သူတို့အသင်းရဲ့ နည်းပြချုပ်အဖြစ်နဲ့ ဖာဘီယန် ဟာဇီလာကို ခန့်အပ်ခဲ့ပါတယ်။ အသက် ၃၁ နှစ်သာရှိနေသေးပြီး တက္ကဆက်ပြည်နယ်၊ ဟူစတန်မှာမွေးဖွားခဲ့တဲ့ အမေရိကန်နိုင်ငံသား နည်းပြဟာ သူ့လူငယ်ကစားသမားဘဝကိုတော့ ဘိုင်ယန်မြူးနစ်အကယ်ဒမီ မှာ ကုန်ဆုံးခဲ့တာပါ။ ဆိုတော့ အလားအလာရှိတဲ့ အကယ်ဒမီကစားသမားတစ်ယောက်ဆိုပါတော့။

ဒါပေမဲ့ ဘိုင်ယန်မြူးနစ် အရံအသင်း၊ ဟော့ဖင်ဟိန်း အရံအသင်း၊ ၁၈၆၀ မြူးနစ် အရံအသင်းတွေမှာ ပဲလှည့်ပတ်အချိန်ကုန်နေခဲ့ပြီး ပီပင်စရီဆိုတဲ့အသင်းလေးမှာမှ သူ့ကစားသမားဘဝကို အသင်းကြီး မှာ ပွဲထွက်နိုင်ခဲ့ပါတယ်။ အဲဒီနောက် အိမ်းစ်ဘတ္တလာ ဆိုတဲ့အသင်းကို ရောက်ပြီး ၂၀၂၂ မှာ ကစား သမားဘဝကို အဆုံးသတ်လိုက်ပါတော့တယ်။

၂၀၁၆ ကနေ ၂၀၂၀ အထိ ပီပင်စရီမှာ သူကစားနေတုန်းကတည်းက သူက ကစားသမားနည်းပြအဖြစ် အဲဒီအသင်းကို ကိုင်နေခဲ့တာဖြစ်ပါတယ်။ အပျော်တန်းကနေ တန်းတက်အောင်လည်း ကူညီပေးခဲ့နိုင် ပါတယ်။ အနားယူပြီးတဲ့နောက် ၂၀၂၂ မှာတော့ သူ စိန့်ပေါ်လီအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ဘွန် ဒစ်လီဂါ – ၂ ချန်ပီယံဖြစ်ကာ ဘွန်ဒစ်လီဂါကို တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၃-၂၄ မှာ အဲဒီလို စွမ်းဆောင်နိုင်ခဲ့ပြီးတဲ့နောက် ဘရိုက်တန်ကို သူ ရောက်လာခဲ့တော့တာပါပဲ။

လျှော့တော့ တွက်လို့မရဘဲ ဘရိုက်တန်မှာ သူက ဩဂုတ်လရဲ့အကောင်းဆုံး ပရီးမီးယားလိဂ်မန် နေဂျာဆုကိုပါ ရထားတာပါ။ အကောင်းဆုံးရလဒ်တွေ ထွက်အောင်လည်း လုပ်ပြထားနိုင်လို့ သူ့ အပေါ် အထင်အမြင်တွေ တော်တော်လေးကို ကောင်းခဲ့ကြပါတယ်။

ဘရိုက်တန်ဟာ ဒီဇာဘီနဲ့အတူ ပါစကဲ ဂရော့ဘ်တို့ ဘီလီ ဂီးမောတို့လို ကစားသမားတွေကို ဆုံး ရှုံးထားရတဲ့အချိန်ပါ။ ရှေ့နှစ်မှာလည်း မက်အယ်လစ္စတာ၊ ကိုင်စီဒိုတို့လို အဓိကကစားသမားတွေ လက်လွှတ်ထားရပါတယ်။ ဆိုတော့ အပြောင်းအရွှေ့မှာ သူ့အတွက် အင်အားဖြည့်တင်းမှုကို လိုအပ် နေခဲ့တာအမှန်ပါပဲ။

ဖြည့်တင်းမှုအနေနဲ့ နော့ဒ်ဂျေလန်းက အီဗရာဟင် အော့မန်း၊ နယူးကာဆယ်က ယန်ကူဘာမင်တား၊ ဖီရင်နုက မတ်ဝိုင်ဖာ၊ အာဆင်နယ် လူငယ်ကစားသမား ဒူဘယ်ရီ၊ ဆဲလ်တစ်က မတ် အိုရိုင်လေး၊ ဖီ နာဘာချီက ကာဒီယိုဂလူတို့ကို ပြန်ခေါ်ထားနိုင်ခဲ့ပါတယ်။ မဆိုးလှတဲ့ အင်အားဖြည့်တင်းမှုတစ်ခုပါ ပဲ။ သို့သော် ထိပ်တန်းအထိသွားနိုင်ပါ့မလားဆိုတာကတော့ မရေရာပါဘူး။

သူက ဒီဇာဘီရဲ့ ကစားကွက်အထိုင်ကို လုံးဝပြောင်းပစ်လိုက်တာမျိုးမလုပ်ဘဲ အဲဒီအပေါ်မှာ အခြေခံ ပြီး အပြောင်းအလဲလေးတွေပဲ လုပ်ထားတာပါ။ ဒီဇာဘီလိုပဲ တိုက်စစ်ကို ပိုလိုက်ပါကစားပြီး တောင် ပံက ခြိမ်းခြောက်မှုတွေကို ပိုသုံးပါတယ်။ တောင်ပံကစားသမားတွေရဲ့ တစ်ဦးချင်းစွမ်းရည်နဲ့ ဖန်တီး နိုင်စွမ်းကိုလည်း ပိုပြီး အားပြုပါတယ်။

နောက်တန်းမှာ ကစားကွက်ကို သေသေချာချာတည်ပြီး တိုက်စစ်ဆီ ကူးပြောင်းနိုင်ဖို့ ကြိုးစားတဲ့ပုံစံ မှာ သူက ဒီဇာဘီနဲ့အတူတူပါပဲ။ စိတ်ရှည်လက်ရှည် ဘောလုံးကို လှည့်ပြီး ဂိုးသမားနဲ့ တွဲကစားရင်း သူ လိုချင်တဲ့ နေရာလွတ်တွေ ပေါ်လာတဲ့အထိ စောင့်ကစားတာပါ။ အဓိကအားဖြင့်တော့ ပြိုင်ဖက် ရံ ကွင်းလယ်လိုင်းနဲ့ ခံစစ်လိုင်းကြားမှာ နေရာလွတ်ဖြစ်လာတာကို စောင့်တာဖြစ်ပါတယ်။

သူ့ပုံစံက တခြားနည်းပြတွေနဲ့ နည်းနည်းကွဲတာကတော့ အဲဒီလို ပေါ်လာတဲ့ နေရာလွတ်ထဲကို တောင်ပံကစားသမားတွေက အတွင်းဝင် ဘောလုံးလက်ခံဖို့လုပ်တာမဟုတ်ဘဲ တိုက်စစ်မှူးတွေက ဆင်းလာပြီး ဘောလုံးလက်ခံတာပါ။ တိုက်စစ်မှူးတွေက ဘောလုံးလက်ခံပြီးမှ တောင်ပံတွေဆီကို ပြန်ဖြန့်ပြီး တောင်ပံကနေ တိုက်စစ်ဆင်တဲ့ ပုံစံကို အဓိက သုံးပါတယ်။

အဲဒီလို နေရာလွတ်ကြီးထဲကို ဘောလုံးရောက်အောင် သယ်ထုတ်တဲ့အခါ သူက သေသေချာချာ တွဲကစားတာကို လိုလားပြီး အဲဒီအချိန်မှာ မလိုလားအပ်တဲ့အဝေးဘောတွေ သိပ်သုံးလေ့မရှိပါဘူး။ သူ့ ကွင်းလယ်အထိ တဖက်က စီးကစားလာမယ်ဆိုရင်တော့လည်း တောင်ပံကစားသမားတွေကို အားပြုတဲ့အသင်းဖြစ်တာကြောင့် တောင်ပံဆီကို ဘောလုံးတွေ တင်ဖို့ ဝန်လေးမှာမဟုတ်ပေမဲ့ အများအားဖြင့်တော့ ကွင်းလယ်က နေရာလွတ်ထဲကို ရအောင်ဖောက်ထွက်ဖို့ပဲ လုပ်တာပါ။

အဲဒီလို ဖောက်ထွက်တဲ့အခါ တတိယလူ ပါဝင်မှုကို ပိုသုံးပါတယ်။ ဆိုလိုတာက ပေးမယ့်ကစားသ မားနဲ့ ပေးချင်တဲ့နေရာက ကစားသမားကြားမှာ တိုက်ရိုက်ပေးပို့မှုလုပ်တဲ့အခါ ကြားဖြတ်လုယူခံ ရတာ၊ ကြားဖြတ်တားခံရတာတွေမဖြစ်အောင် ကွင်းလယ်နဲ့ခံစစ်က ကစားသမားတွေက တဆင့်ခံ ဝင်ပြီးဘောလုံးကို လက်ခံ ပြန်ဖြန့်ပေးတာပါ။ ၁ ကနေ ၂ ဆီကို တန်းပေးတာမဟုတ်ဘဲ ၁ ကနေ ၃ ဆီပေးပြီး ၃ ကနေမှ ၂ ဆီကို ပြန်ပေးတာမျိုးဆိုပါတော့။ အဲဒါက သေချာ လေ့ကျင့်ထားတဲ့အခါ တား ဆီးဖို့ ခက်တဲ့ အစဉ်တစ်လိုဖြစ်စေပြီး ပြိုင်ဖက်တွေအနေနဲ့ တားဆီးဖို့ ခက်ပါတယ်။

သူက ဖြတ်တင်ဘောတွေနဲ့ တိုက်စစ်ထဲကို ချပေးပြီး ကစားတာမျိုး၊ ဒါမှမဟုတ်တောင်ပံကစားသမား တွေက ဆွဲဝင်လာပြီး ချိုးပေးတာ၊ တွဲကစားတာမျိုးတွေကို အသုံးပြုတာကြောင့် သူ့အတွက် တောင် ပံနှစ်ဖက်မှာ တြိဂံပုံစံ ကစားသမားအတွဲတွေက အရေးကြီးပြီး အဲဒီနေရာတွေမှာ ယာယီ လူအင်အား သုံးကစားတာမျိုးကို သဘောကျတတ်ပါတယ်။

သူ့ အားနည်းချက်ကတော့ သူ့ခံစစ်လိုင်းက ကွင်းလယ်စည်းအထိ တက်ကစားတဲ့အခါ ပြိုင်ဖက်က စားသမားတစ်ယောက် ဘောလုံးရလာခဲ့ရင် သူ့နောက်တန်းမှာ နေရာလွတ်ကြီးဖြစ်နေပြီး အဲဒီထဲကို ဘောလုံးမထွက်အောင် လုပ်နိုင်ဖို့အတွက်လည်း သူ့နောက်တန်းက ဘောလုံးကိုင်ထားတဲ့ ပြိုင်ဖက် ကို ဝင်လုံး-ဖိအားပေး-တားဆီးတာမျိုး အားနည်းတဲ့အတွက် အဲဒီအခြေအနေကနေ ဂိုးတွေပေးနေရ တတ်တာပါ။

သို့သော် ဒီရာသီမှာ အဆင့် ၈ ထိရောက်နေတဲ့ သူ့ ဘရိုက်တန်အသင်းရဲ့ ရလဒ်ဟာ နည်းပြသစ်တယောက်အတွက်နဲ့ ဘရိုက်တန်လိုအသင်းအတွက် တော်တော်ကြီးကို ကောင်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။