Innwa-Ads-Banner-1-1170X200

ပျင်းစရာကောင်းတဲ့ Arsenal vs Liverpool ပွဲပြီးပြောစရာများ

ဒါကတော့ Arsenal နဲ့ Liverpool တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဂိုးမရှိသရေနဲ့ ပွဲပြီးသွားခဲ့တဲ့အပေါ် သုံးသပ်ချက်ပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီပွဲဟာ ပရိသတ်တွေအတွက်တော့ ဒီရာသီ Premier League ရဲ့ ပျင်းစရာအကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲလို့တောင် ပြောလို့ရပြီး Emirates Stadium မှာ ကစားခဲ့တဲ့ ဒီပွဲဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း ဒီနှစ်သင်းကြား ပထမဆုံးအကြိမ် ဂိုးမရှိသရေကျခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါသေးတယ်။ ပွဲကစားပုံက တော်တော်လေးကို ကြည့်ရဆိုးခဲ့သလို နှစ်သင်းစလုံးဟာ ဂိုးပေါက်ကန်သွင်းခွင့် ၁၀ ကြိမ်တောင် မပြည့်ခဲ့ကြပါဘူး။ Arsenal က ၉ ကြိမ်နဲ့ Liverpool က ၈ ကြိမ်သာ ကန်သွင်းနိုင်ခဲ့တာကြောင့် ဒါဟာ ဒီရာသီရဲ့ ခုနစ်ပွဲမြောက် အညံ့ဖျင်းဆုံး မှတ်တမ်းတစ်ခုလို့ဆိုရမှာပါ။

ပထမပိုင်းမှာ စိုးမိုးခဲ့တဲ့ Arsenal

Arne Slot ရဲ့ ကစားကွက်က အကွက်ကျကျ လူကပ်ကစားတဲ့ စနစ်ဖြစ်ပြီး Dominik Szoboszlai ကို လွတ်လွတ်လပ်လပ် ကစားစေခဲ့တာက Arsenal ရဲ့ ခံစစ်မှူးနှစ်ယောက်အတွက် အရပ်စကားနဲ့ဆို ခြင်းခတ်ဖို့ထိ နေရာလွတ်တွေ ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေမှာ Mikel Arteta ဟာ ပွဲအခြေအနေအပေါ် လိုက်ပြီးတုံ့ပြန်တာမျိုးသာ လုပ်ခဲ့ပြီး လုံလောက်တဲ့ အားထုတ်မှုမျိုး လုံးဝမပြုလုပ်ခဲ့ပါဘူး။ Liverpool ရဲ့ နည်းဗျူဟာကလဲ Arsenal ကစားကွက်တည်မရအောင် ကွင်းလယ်လူတွေ ဖြစ်တဲ့ Declan Rice တို့ Martin Odegaard တို့ကို အနီးကပ် နှောင့်ယှက်စေခဲ့တာပါ။ Ryan Gravenberch နဲ့ Alexis Mac Allister တို့က နေရာအနှံ့ ပိတ်ဆို့ကစားခဲ့ကြတာမို့ Arsenal အနေနဲ့ အခွင့်အရေးဖန်တီးဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါသေးတယ်။

Bukayo Saka ကိုတော့ ဒီပွဲရဲ့ အလှည့်အပြောင်းကို ကောင်းကောင်းသိမြင်တဲ့သူ တစ်ယောက် အဖြစ်ချီးကျူးချင်ပါတယ်။ ကွင်းလယ်အတွင်းထဲထိ ဝင်ကစားပြီး William Saliba အတွက် နေရာလွတ်တွေ ဖန်တီးပေးခဲ့သလို တစ်ဦးချင်း ထိုးဖောက်မှုတွေနဲ့ Liverpool ခံစစ်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့တာ တွေ့ရမှာပါ။ ပွဲအရှိန်တက်လာချိန်မှာတော့ Saliba နဲ့ Gabriel တို့ဟာ ကွင်းလယ်အထိ တက်ကစားနိုင်ခဲ့ပြီး Arsenal တို့ ကွင်းတစ်ဝက်လောက်ထိစိုးမိုးမှု ရယူနိုင်ခဲ့ပါတယ်။ Liverpool ဘက်ကလည်း Frimpong ကို အသုံးချပြီး တန်ပြန်တိုက်စစ် ဆင်ဖို့ ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့သလို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးရအောင်သာ မနည်းပြန်ထိန်းကစားခဲ့ရတာပါ။

ဒုတိယပိုင်းမှာ အသာစီးပြန်ယူခဲ့တဲ့ Liverpool

ဒုတိယပိုင်းမှာတော့ ပွဲက လုံးဝပြောင်းပြန် ဖြစ်သွားပြီး Liverpool ဟာ Florian Wirtz ကို False Nine အဖြစ် အသုံးချကာ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ် အသားစီးရယူကစားပြခဲ့ပါတယ်။ တစ်ဖက်မှာတော့ Arteta က ကိုယ့်အိမ်ကွင်းမှာတင် Liverpool ကို စ်ိတ်ကြိုက်ကစားခွင့်ပေးပြီး ခံစစ်ပိတ်ကစားဖို့ ဆုံးဖြတ်ခဲ့တာက ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရမှာပါ။

ဒါ့အပြင် Piero Hincapie ရဲ့ နေရာမှာ လူငယ်ကစားသမား Myles Lewis-Skelly ကို လူစားလဲခဲ့တာကလည်း အမှားတစ်ခုဆိုရင် လက်ခံကြမလား? အတွေ့အကြုံနည်းတဲ့ Lewis-Skelly ဟာ Frimpong ရဲ့ တိုက်စစ်ဆင်မှုကို မထိန်းနိုင်ခဲ့သလို ဘောလုံးပေးပို့မှုတွေမှာလည်း အမှားအယွင်းတွေ များခဲ့ပါတယ်။ Arteta အနေနဲ့ Gabriel Jesus ကို ထည့်သွင်းပြီး တိုက်စစ်ကို ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမဲ့ ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတော့ မရှိခဲ့ပါဘူး။

နှစ်သင်းစလုံး ကျေနပ်သွားတဲ့ သရေရလဒ်

Arteta အနေနဲ့ သူ့အသင်းရဲ့ အားနည်းချက်တွေကို သိတာကြောင့် သရေတစ်မှတ်နဲ့တင် ကျေနပ်ခဲ့ပုံ ရပါတယ်။ Lewis-Skelly လို ကစားသမားမျိုးနဲ့ Frimpong ရဲ့ ကစားအားကို ရင်ဆိုင်ရမှာထက် ခံစစ်ကိုပဲ အာရုံစိုက်ဖို့ သူရွေးချယ်ခဲ့တာပါ။ Slot ဘက်မှာလည်း Mo Salah, Hugo Ekitike နဲ့ Alexander Isak တို့လို အဓိကကစားသမားတွေ မပါတဲ့အချိန်မှာ အဝေးကွင်း သရေတစ်မှတ်က မဆိုးဘူးလို့ ယူဆခဲ့ပုံ ရပါတယ်။ အဆုံးသတ်မှာတော့ နှစ်သင်းစလုံးဟာ ဂိုးပေါက်တည့်အောင်တောင် မကန်နိုင်ခဲ့ဘဲ ရှုံးမှာကြောက်လို့ အပြန်အလှန် ထိန်းကစားရင်းနဲ့ပဲ ပွဲပြီးသွားတာပါ။ ပွဲကြည့်ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာ ကောင်းခဲ့ပေမဲ့ နည်းပြနှစ်ယောက်အတွက်ကတော့ နည်းဗျူဟာပိုင်းအရ အရှုံးမပေးရအောင် ကစားသွားနိုင်ခဲ့တဲ့ ပွဲတစ်ပွဲလို့ ဆိုရတော့မှာပါပဲ။