Innwa-Ads-Banner-1-1170X200

ကတိပျက်တာ ခုမှမဟုတ်တဲ့ ချဲလ်ဆီးအသင်းပိုင်ရှင်ဟောင်း Roman Abramovic

၂၀၀၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ Chelsea အသင်းကို ပိုင်ဆိုင်ခဲ့တဲ့ ရုရှားဘီလျံနာ Roman Abramovich ဟာ အရေးကြီးတဲ့ Champions League ပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို ပေးခဲ့တဲ့ ကတိတစ်ခုကို ပျက်ကွက်ခဲ့တယ်လို့ အသင်းကစားသမားဟောင်းတစ်ဦးက ဖွင့်ဟလိုက်ပါတယ်။ လက်ရှိမှာလဲ Abramovich ဟာ အင်္ဂလန်နိုင်ငံရဲ့ ရုရှား-ယူကရိန်းအရေးနဲ့ ပတ်သတ်ပြီး ကတိကဝတ်ပျက်မှုနဲ့ တရားရင်ဆိုင်ရမယ့် ကာလဖြစ်လို့ ဒီလို သူအရင်က ကတိပျက်ခဲ့တဲ့အကြောင်းပေါ်ထွက်လာတာဟာ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။

Abramovich ဟာ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ Chelsea ကို ဝယ်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်ကလပ်ဟာ အခုလို ကမ္ဘာအဆင့်အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့ ကြွေးကြော်ခဲ့သူပါ။အဲဒီခေတ်က ဥက္ကဋ္ဌ Ken Bates ဟာ ကလပ်အသင်းကို ပေါင် သန်း ၁၄၀ နဲ့ ရောင်းချဖို့ အဆုံးသတ်နိုင်ခဲ့ချိန်မှာ Claudio Ranieri လက်အောက်က Chelsea ဟာ အဆင့် ၄ နေရာမှာသာ ရှိနေခဲ့တာပါ။၂၀၀၄-၀၅ ရာသီမှာတော့ Jose Mourinho ရောက်ရှိလာပြီး ပထမဆုံးနှစ်မှာတင် Premier League ချန်ပီယံဆုကို အရယူပေးခဲ့ပါတယ်။ ဒါပေမဲ့ Abramovich ရဲ့ ဆုကြေးငွေ ကတိကဝတ်ကတော့ Ranieri လက်ထက် ၂၀၀၃-၀၄ ရာသီ၊ Arsenal ကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ Champions League ကွာတားဖိုင်နယ် ဒုတိယအကျော့အပြီးမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။Chelsea ကွင်းလယ်လူဟောင်း Joe Cole ရဲ့ ၂၀၂၅ ခုနှစ်ထွက် ‘Luxury Player’ ဆိုတဲ့ စာအုပ်ထဲမှာတော့ Highbury ကွင်းက အောင်ပွဲခံနေတဲ့ အဝတ်လဲခန်းထဲကို Abramovich ရောက်လာခဲ့ပုံကို အခုလို ပြန်ပြောင်းပြောပြထားပါတယ်။

“အဲဒီညက Roman တစ်ယောက် သူ့လူယုံတွေနဲ့အတူ အဝတ်လဲခန်းထဲ ရောက်လာခဲ့ပါတယ်။ ပုံမှန်ဆိုရင် သူက ခံစားချက်ကို မျက်နှာမှာ သိပ်မပြတတ်ပေမဲ့ အဲဒီအချိန်မှာတော့ သူလည်း တော်တော်လေးကို ပျော်ရွှင်တက်ကြွနေတာကို မြင်နိုင်ပါတယ်”သူက ဆက်ပြီး “ကျွန်တော်တို့လည်း အရမ်းပျော်နေကြတာပါ။ ဆီမီးဖိုင်နယ်တက်လို့ ပျော်နေကြတဲ့အပြင် ကစားသမားတစ်ယောက်ချင်းစီက ပေါင် ၅၀,၀၀၀ စီ ဆုကြေးရဖို့လည်း သေချာသွားပြီလေ။ အဲဒီမှာ Mutu က သီချင်းသံကို လျှော့လိုက်ပြီး ‘Double Bonus (ဆုကြေးနှစ်ဆ)’ လို့ အော်ပြောလိုက်တယ်” ဆိုပြီးရေးသားထားပါတယ်။

အဲဒီအချိန်မှာ ကစားသမားအားလုံးက Roman ကို ဝိုင်းကြည့်ခဲ့ကြပြီး သူကလည်း “Double Bonus” လို့ သဘောတူညီကြောင်း ပြန်ပြောခဲ့တဲ့အတွက် အဝတ်လဲခန်းတစ်ခုလုံး ပွဲကျသွားခဲ့တာပါ။ Mutu က ထပ်ပြီး “Double Double” လို့ နောက်တစ်ကြိမ် အော်လိုက်ချိန်မှာတော့ Abramovich ရဲ့ လူတွေက သူ့ကို အပြင်ကို အတင်းတွန်းထုတ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

တကယ်တမ်းမှာတော့ ရုရှားဘီလျံနာ ကတိပေးခဲ့တဲ့ ဆုကြေးငွေတွေကို ကစားသမားတွေ ဘယ်တော့မှ မရရှိခဲ့ပါဘူး။ ရာသီဝက်အတွင်း ဆုကြေးငွေ သတ်မှတ်ချက်တွေကို ပြောင်းလဲတာဟာ စည်းမျဉ်းတွေနဲ့ မညီညွတ်တာကြောင့် Joe Cole တို့အဖွဲ့ အဲဒီငွေတွေကို လက်လွတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကလွဲရင် Abramovich ဟာ Chelsea ကို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အသွင်ပြောင်းပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလား နှစ်ကြိမ် အပါအဝင် ဆုဖလား ၂၁ လုံးအထိ ရယူပေးနိုင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ သူဟာ ကလပ်ကို Todd Boehly တို့ဆီ ပေါင် ၂.၅ ဘီလျံနဲ့ ရောင်းချခဲ့ရပြီး အဲဒီငွေတွေဟာ ဗြိတိန်ဘဏ်အကောင့်ထဲမှာ ပိတ်ခံထားရဆဲ ဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်မှုကြောင့် ပိတ်ဆို့အရေးယူခံထားရတဲ့ Abramovich အနေနဲ့ အဲဒီငွေတွေကို သုံးစွဲခွင့် မရှိပါဘူး။သူကတော့ ဒီငွေတွေကို ကျူးကျော်မှုဒဏ်ခံရသူတွေအတွက် အသုံးပြုမယ်လို့ ကတိပေးထားပေမဲ့ အခုထက်ထိတော့ အကောင်အထည် မဖော်နိုင်သေးတာကို တွေ့ရပါတယ်။ ဒါကြောင့် ချဲလ်ဆီး အသင်းပိုင်ရှင် Abramovich ကတိပျက်တာ ခုမှမဟုတ်ပါဘူး။ အရင်ကတည်းကရှိခဲ့တယ်ဆိုတဲ့အကြောင်းပြောကြားရင်း…