Mohamed Salah ဟာ ကလပ်အသင်းမှာခြေစွမ်းပိုင်းရုန်းကန်နေရပေမယ့် AFCON မှာတော့ မတူခြားနားတဲ့ခြေစွမ်းကိုပြသနေတာပါ။ သူ့မအိုသေးကြောင်းပြဖို့ အတွက် ပရီးမီးယားလိဂ်မှာ ခက်ခဲနိုင်ပေမယ့် သူ့ကိုအရှင်ရရ အသေရရလိုချင်နေတဲ့ဆော်ဒီအာရေဗျမှာတော့ Salahရဲ့ တန်ဖိုးဟာ ပိုပြီး အဓိပ္ပာယ်ရှိလာနိုင်ပါတယ်။ အသက် ၃၄ နှစ်နား နီးကပ်လာပြီဖြစ်တဲ့ Salah ကို ခေါ်ယူဖို့ ကြိုးစားနေတာဟာ နာမည်ကြီး ဝါရင့်ကစားသမားတွေနောက်ကိုပဲ လိုက်နေတတ်တဲ့ Saudi Pro League (SPL) ရဲ့ မူဝါဒဟောင်းကို ပြောင်းလဲပစ်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်နေပါတယ်။
Cristiano Ronaldo နဲ့ Karim Benzema တို့ဟာ ကွင်းအတွင်းရော ကွင်းပြင်ပမှာပါ အောင်မြင်မှုတွေ ရရှိခဲ့ကြပေမဲ့ ဆော်ဒီလိဂ်ကို “ ကစားသမားအိုကြီးတွေ အနားယူရာနေရာ” လို့ ကမ္ဘာက သတ်မှတ်မှာကို တာဝန်ရှိသူတွေက မလိုလားကြပါဘူး။
ဒါပေမဲ့ Salah ကတော့ သူတို့နဲ့ မတူပါဘူး။ သူဟာ အာရပ်ကမ္ဘာရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်ဖြစ်နေတာကြောင့် သူ့ရဲ့ ဆွဲဆောင်မှုက တခြားသူတွေထက် ပိုမိုပြင်းထန်ပါတယ်။ လက်ရှိမှာ ဆော်ဒီလိဂ်ဟာ သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသားကို ရှာဖွေနေဆဲပါ။ Premier League ကို ယှဉ်ပြိုင်ဖို့လား၊ ဒါမှမဟုတ် ကမ္ဘာ့ဒုတိယအကောင်းဆုံး လိဂ်ဖြစ်လာဖို့လား ဆိုတာကို ဝေခွဲနေရတုန်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက တရုတ်လိဂ်မှာ Nicolas Anelka နဲ့ Didier Drogba တို့လို ကစားသမားတွေ ခဏတာ လာရောက်ကစားခဲ့ဖူးပေမဲ့ အောင်မြင်မှုက ရေရှည်မခံခဲ့ပါဘူး။
ဒါပေမဲ့ ဆော်ဒီမှာတော့ အခြေအနေက ကွဲပြားပါတယ်။ Jordan Henderson အစောကြီး ထွက်ခွာသွားတာ ဒါမှမဟုတ် Neymar ဒဏ်ရာရနေတာတွေ ရှိပေမဲ့ Ronaldo, Benzema, N’Golo Kanté, Sadio Mané နဲ့ Riyad Mahrez တို့လို ကြယ်ပွင့်တွေကတော့ အခုထိ ရှိနေဆဲပါ။ ဒါပေမဲ့ သူတို့အားလုံးဟာ အသက်အရွယ်ရလာသလို စာချုပ်သက်တမ်းတွေလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
မကြာသေးခင်က ဆော်ဒီကလပ်တွေဟာ အသက်ကြီးပိုင်းတွေထက် Mateo Retegui, Darwin Núñez နဲ့ Theo Hernández တို့လို ထိပ်တန်းခြေစွမ်းမှာ ရှိနေသူတွေကို ပစ်မှတ်ထားလာကြပါတယ်။ Nathan Zézé နဲ့ Enzo Millot တို့လို လူငယ်လေးတွေကိုပါ ခေါ်ယူလာတာဟာ ဥရောပရဲ့ အခြားရွေးချယ်စရာ လိဂ်တစ်ခု ဖြစ်လာဖို့ ကြိုးစားနေတာပါ။ဒီကြားထဲမှာ Salah သာ ရောက်လာမယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးပြောင်းသွားပါလိမ့်မယ်။ Mahrez နဲ့ Yassine Bounou တို့ ရှိနေပြီးသား ဖြစ်ပေမဲ့ Salah ရဲ့ ရောက်ရှိလာမှုက အာရပ်ကမ္ဘာရဲ့ ဘောလုံးအပေါ်စိတ်အားထက်သန်မှုကို အထွတ်အထိပ် ရောက်စေမှာပါ။ အာရှနဲ့ အာဖရိက ဈေးကွက်ကို ချဲ့ထွင်ဖို့အတွက် Salah ဟာ အကောင်းဆုံး တံတားတစ်စင်း ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ လမ်းကြောင်းကတော့ မချောမွေ့ပါဘူး။ ဒီရာသီမှာ ဆော်ဒီလိဂ်ဟာ နိုင်ငံလက်ရွေးစင်အသင်း ပွဲစဉ်တွေနဲ့ Arab Cup ကြောင့် ရပ်နားထားရတာ ကြာခဲ့ပါတယ်။ အင်္ဂလန်မှာ ၁၇ ပွဲ ကစားပြီးချိန်မှာ ဆော်ဒီမှာ ၉ ပွဲပဲ ကစားရသေးတာကြောင့် ကမ္ဘာ့ရုပ်သံထုတ်လွှင့်သူတွေက စိတ်ပျက်နေကြပါတယ်။ ပရိသတ်တွေကလည်း ပွဲစဉ်တွေ ပြတ်တောင်းပြတ်တောင်း ဖြစ်နေတာကြောင့် feelမလာကြတော့ပါဘူး။
FIFA ဥက္ကဋ္ဌ Gianni Infantino က ဆော်ဒီလိဂ်ဟာ ကမ္ဘာ့ထိပ်တန်း သုံးခုစာရင်းဝင်လိဂ် ဖြစ်လာလိမ့်မယ်လို့ ဆိုထားပေမဲ့ လိဂ်တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းပြိုင်ပွဲကို နိုင်ငံတကာပွဲစဉ်တွေထက် ပိုပြီး စနစ်တကျ ဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
Salah ရဲ့ ရောက်ရှိလာမှုဟာ လတ်တလောမှာတော့ လိဂ်ကို တောက်ပစေမှာ အမှန်ပါပဲ။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ သူဟာ Premier League က အသက်ကြီးကစားသမားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ၊ အာရပ်ကမ္ဘာရဲ့ ဂန္ထဝင်တစ်ဦးအနေနဲ့ လာရောက်မှာ ဖြစ်တာကြောင့် အာရပ်ဘောလုံးလောကရဲ့ ပုံရိပ်ကိုပါ ရေရှည်ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။ အားလုံးကတော့ Salah ကိုယ်တိုင် ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာအပေါ်မှာပဲ မူတည်နေပါတယ်။