ဒီဇင်ဘာလရဲ့ ဘောလုံးပွဲစဉ်တွေနဲ့အတူ စိတ်လှုပ်ရှားစရာ Gameweek 18 ရောက်ရှိလို့လာပါပြီ။ ဒီတစ်ပတ်မှာတော့ Premier League ပွဲစဉ် ၁၀ ပွဲကို ၃ ရက် ခွဲပြီးယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။
ပွဲကောင်းတွေထဲကမှ Manchester United နဲ့ Newcastle တို့ရဲ့ Boxing Day အနေနဲ့ထိပ်တိုက်တွေ့ဆုံမှုကတော့ အစောဆုံးကြည့်ခဲ့ရပြီးဖြစ်သလို…Chelsea နဲ့ Aston Villa၊ Sunderland နဲ့ Leeds တို့ရဲ့ ပွဲတွေကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါ့အပြင် ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေတဲ့ Manchester City နဲ့ Arsenal တို့ရဲ့ ပွဲစဉ်တွေကလည်း ပါဝင်နေပါသေးတယ်။
Gameweek 18 မှာ မြင်တွေ့ရနိုင်တဲ့ ကိန်းဂဏန်းနဲ့ မှတ်တမ်းကောင်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
Phil Foden ရဲ့ “၁၀၀ပြည့်မယ့် ပွဲ
Phil Foden ကတော့ Pep Guardiola ရဲ့ လက်အောက်မှာ ဂိုးပါဝင်ပတ်သက်မှု (Goal Involvement) ၁၀၀ ပြည့်တဲ့ ၅ ယောက်မြောက် ကစားသမားဖြစ်လာနိုင်ဖို့ ၂ ဂိုးပဲ လိုပါတော့တယ်။ Foden ဟာ ဒီရာသီမှာ ခြေစွမ်းပြနေပြီး Premier League ၁၅ ပွဲမှာ ၇ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ အခုဆို သူဟာ Man City အတွက် Premier League သွင်းဂိုး ၆၈ ဂိုးနဲ့ ဖန်တီးမှု အကြိမ် ၃၀ (စုစုပေါင်း ၉၈ ဂိုး) အထိတောင် ရှိနေပါပြီ။ စနေနေ့ Nottingham Forest နဲ့ပွဲမှာ နောက်ထပ် ၂ ဂိုး ပါဝင်ပတ်သက်နိုင်ရင်တော့ Kevin De Bruyne၊ Raheem Sterling၊ Erling Haaland နဲ့ Sergio Aguero တို့လို ဂန္ထဝင်တွေရဲ့စာရင်းထဲကို ဝင်ရောက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
Jarrod Bowen နဲ့ West Ham စံချိန်သစ်
West Ham ရဲ့ ကြယ်ပွင့် Jarrod Bowen ကလည်း Michail Antonio တင်ထားတဲ့ ကလပ်စံချိန်ကို ရိုက်ချိုးဖို့ ၂ ဂိုးပဲ လိုပါတော့တယ်။ Bowen ဟာ ဒီရာသီမှာ ၅ ဂိုး သွင်းထားပြီး ခြေစွမ်းပြနေသူပါ။ စနေနေ့ Fulham နဲ့ပွဲမှာ ဂိုးသွင်းတာ ဒါမှမဟုတ် ဖန်တီးတာ ၂ ကြိမ်လုပ်နိုင်ရင်တော့ Antonio ရဲ့ ၁၀၁ ဂိုး စံချိန်ကို မီသွားမှာပဲ ဖြစ်ပါတယ်။
Bournemouth ရဲ့ သိပ်မကောင်းတဲ့ ရလဒ်များ
Bournemouth အနေနဲ့ Brentford ကိုသာ မနိုင်ခဲ့ရင် Premier League မှာ ၉ ပွဲဆက်တိုက် နိုင်ပွဲမရှိတဲ့ မှတ်တမ်းဆိုးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး ဒါဟာ ၂၀၂၃စက်တင်ဘာလနောက်ပိုင်း သူတို့ရဲ့ အကြာဆုံး နိုင်ပွဲပျောက်ဆုံးမှု ဖြစ်လာနိုင်ပါတယ်။
Chelsea ရဲ့ လူငယ်ကြယ်ပွင့် Estevao
Chelsea ရဲ့ လူငယ်ကစားသမား Estevao ကတော့ ဒီရာသီမှာ သွင်းဂိုး ၅ ဂိုး၊ ဖန်တီးမှု ၁ ကြိမ် (စုစုပေါင်း ၆ ကြိမ်) နဲ့ အကောင်းဆုံး ခြေစွမ်းပြနေပါတယ်။ သူသာ Aston Villa နဲ့ပွဲမှာ ဂိုးထပ်မံပါဝင်ပတ်သက်နိုင်ရင်တော့ ဒီရာသီ Premier League ရဲ့ အကျိုးပြုနိုင်ဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် ဂုဏ်ယူစွာ ရပ်တည်နိုင်မှာပါ။
David Moyes နဲ့ Burnley
Everton နည်းပြ David Moyes ကတော့ Burnley နဲ့ တွေ့တဲ့ ၆ ပွဲလုံးမှာ ဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ ဒီတစ်ပတ်မှာသာ ရှုံးပွဲမရှိအောင် ထပ်ကစားနိုင်ရင်တော့ သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက် Burnley နဲ့ ၂၄ ကြိမ်တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ် ၇ ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်သစ်တင်နိုင်မှာ ဖြစ်ပါတယ်။
Arsenal ရဲ့ ဂိုးသွင်းရှင်များ
၂၀၂၅ ခုနှစ်အတွင်း Arsenal ကစားသမားတစ်ယောက်မှ Premier League မှာ ဂိုး ၁၀ ဂိုးပြည့်အောင် မသွင်းနိုင်သေးပါဘူး။ Mikel Merino နဲ့ Leandro Trossard တို့ပဲ ၉ ဂိုးသွင်းထားတဲ့အတွက် အနီးစပ်ဆုံး ရှိနေပါတယ်။ ဒါကြောင့် Brighton နဲ့ပွဲမှာသာတစ်ယောက်ယောက်က ဂိုးသွင်းနိုင်ခဲ့ရင် ဒီနှစ်မကုန်ခင် ၁၀ ဂိုးပြည့်တဲ့ ပထမဆုံး Arsenal ကစားသမား ဖြစ်လာနိုင်မှာပါ။
Dominic Calvert-Lewin နဲ့ Leeds သမိုင်း
Dominic Calvert-Lewin ဟာ Leeds United အတွက် Premier League မှာ ၆ ပွဲဆက်တိုက် ဂိုးသွင်းတဲ့ ပထမဆုံး ကစားသမားဖြစ်ဖို့ ကြိုးစားနေသူပါ။ သူဟာ ၅ ပွဲဆက် ဂိုးသွင်းထားတာကြောင့် Mark Viduka ရဲ့ စံချိန်ကို လိုက်မီထားပြီးသားပေမဲ့ Sunderland နဲ့ပွဲမှာသာ ဂိုးသွင်းနိုင်ရင်တော့ Leeds ရဲ့ သမိုင်းသစ်ကို သူ ရေးထိုးနိုင်တော့မှာပဲ ဖြစ်ပါတယ်။
Wolves ရဲ့ ဒုတိယပိုင်း ကျိန်စာ
Wolves ကတော့ နောက်ဆုံး ၇ ပွဲဆက်တိုက် ပထမပိုင်းမှာ သရေကျပြီး ဒုတိယပိုင်းမှာ ရှုံးနေတဲ့ ထူးဆန်းတဲ့ မှတ်တမ်း ရှိနေပါတယ်။ Arsenal, Man Utd တို့လို အသင်းကြီးတွေနဲ့ ကစားချိန်မှာ ပထမပိုင်းကို ခံစစ်ကျစ်ကျစ်လစ်လစ်နဲ့ ကစားနိုင်ပေမယ့် ဒုတိယပိုင်းမှာတော့ အာရုံစူးစိုက်မှု လျော့လာတဲ့အတွက် အမှတ်တွေ ပေးနေရတာပါ။ အခုတစ်ပတ်မှာတော့ ဒုတိယပိုင်းမှာ ဂိုးသွင်းလေ့ရှိတဲ့ Hugo Ekitike ဆော့တဲ့ Liverpool နဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။
Thomas Frank ရဲ့ ခရစ္စမတ်အလွန် ကံခေမှု
Thomas Frank ဟာ Premier League သက်တမ်းတစ်လျှောက် ခရစ္စမတ်နောက်ပိုင်း ပထမဆုံးကစားရတဲ့ ပွဲစဉ်တွေမှာ တစ်ကြိမ်မှ နိုင်ပွဲမရဖူးသေးပါဘူး (၂ ပွဲသရေ၊ ၂ ပွဲရှုံး)။ ဒါကြောင့် ဒီတစ်ပတ် Tottenham နဲ့ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင်တော့ သူ့အတွက် ဖိအားတွေ ပိုများလာနိုင်ပါတယ်။
အပေါ်မှာပြောသွားတဲ့ထဲက ဘယ်အရာတွေတကယ်ဖြစ်လာမလဲဆိုတာ Gameweek 18 မှာ စောင့်ကြည့်ရင်ခုန်လိုက်ကြရအောင်ဗျာ။