Innwa-Ads-Banner-1-1170X200

Low Block ဆိုတာ တကယ်တော့ ဘာလဲ? (The Fortress Approach)

Low Block ဆိုတာ အသင်းတစ်သင်းက ဘောလုံးဆုံးရှုံးလိုက်ရတဲ့အချိန်မှာ (Out-of-possession) ကိုယ့်ဘက်က ဂိုးဧရိယာနားအထိ အကုန်ပြန်ဆင်းပြီး “ကျစ်လျစ်တဲ့ ခံစစ်စည်း” တစ်ခု တည်ဆောက်တာကို ခေါ်တာပါ။
• နေရာလွတ် မပေးခြင်း: ခံစစ်တန်းနဲ့ ကွင်းလယ်တန်းကြားမှာ နေရာလွတ် (Space) လုံးဝမကျန်အောင် လူကပ်ကစားလေ့ရှ်ိတယ်။
• ရည်မှန်းချက်: ဂိုးမပေးရဖို့က နံပါတ် (၁)၊ ဂိုးသွင်းဖို့က နံပါတ် (၂) ပါ။
• စိတ်ဓာတ်စစ်ဆင်ရေး: ပြိုင်ဘက်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၀% ကျော်လောက် ရနေပေမဲ့ ခံစစ်ကို ဖောက်ရခက်လွန်းလို့ စိတ်မရှည်ဖြစ်လာအောင်၊ စိတ်ဓာတ်ကျလာအောင် ဖန်တီးတဲ့ နည်းဗျူဟာလည်း ဖြစ်ပါတယ်။

ဒီနည်းဗျူဟာရဲ့ “ဆရာကြီး” မန်နေဂျာများ
သမိုင်းတစ်လျှောက်မှာ Low Block ကို အနုပညာတစ်ခုလို သုံးနိုင်ခဲ့တဲ့ မန်နေဂျာတွေ ရှိပါတယ်။
၁။ Jose Mourinho (The Master of Dark Arts): မော်ရင်ဟိုရဲ့ အထင်ရှားဆုံး ပွဲကတော့ ၂၀၁၀ ချန်ပီယံလိဂ်မှာ အင်တာမီလန်ကို ဦးဆောင်ပြီး ပက်ဂွါဒီယိုလာရဲ့ ဘာစီလိုနာကို အနိုင်ယူခဲ့တာပါ။ လူတစ်ယောက် လျော့နေပေမဲ့ ခံစစ်ကို ကျောက်တောင်တစ်ခုလို ပိတ်ထားခဲ့ပြီး ဘာစီလိုနာရဲ့ နာမည်ကျော် တီကီတာကာ (Tiki-taka) ကို အရှုံးပေးအောင် လုပ်ခဲ့တာပါ။

၂။ Diego Simeone (The Warrior Spirit): ဆီမြွန်နီရဲ့ အက်သလက်တီကိုဟာ Low Block နဲ့ပဲ ဥရောပရဲ့ ထိပ်သီးအသင်းကြီးတွေကို ဒူးထောက်စေခဲ့တာပါ။ ၂၀၁၆ မှာ ဘိုင်ယန်မြူးနစ်ကို ဖြုတ်ချခဲ့တာက ဒီနည်းစနစ်ရဲ့ အပြောင်မြောက်ဆုံး သက်သေပါပဲ။

၃။ Sean Dyche (The Premier League Specialist): အင်္ဂလန်မြေမှာတော့ ရှောင်ဒိုက်ကို ဘယ်သူမှ မမီပါဘူး။ ဘန်လေမှာတုန်းကရော၊ အခု နော်တင်ဟမ်မှာပါ လူအင်အား နည်းပေမဲ့ ဒီ Low Block ကို သုံးပြီး အသင်းကြီးတွေဆီက အမှတ် ရယူတတ်ပါတယ်။

မျက်မှောက်ခေတ် အခြေအနေ: အခု Premier League မှာဆိုရင် Nottingham Forest, Wolves, West Ham နဲ့ Brentford တို့လို အသင်းတွေဟာ အသင်းကြီးတွေနဲ့ တွေ့ရင် ခံစစ်အနိမ့်မှာ ပိတ်ဆို့ပြီး (Counter-attack) နဲ့ အနိုင်ယူဖို့ ကြိုးစားတတ်ကြပါတယ်။

ပွဲထဲမှာ Low Block က ဘာကြောင့် အလုပ်ဖြစ်တာလဲ?
• Concentration (အာရုံစူးစိုက်မှု): Low Block ကစားတဲ့အသင်းဟာ ၉၀ မိနစ်လုံး အာရုံစူးစိုက်မှု အပြည့်ရှိရပါတယ်။ တစ်ချက်လေး လွတ်သွားတာနဲ့ ဂိုးပေးရနိုင်လို့ပါ။
• Frustration (စိတ်ပျက်စရာ): တိုက်စစ်ဆင်တဲ့အသင်းက ဘယ်လောက်ပဲ ကောင်းကောင်း၊ ဖြတ်လမ်းမရှိတော့တဲ့အခါ ဘေးကနေ ဖြတ်တင်ဘော (Crosses) တွေကိုပဲ ဇွတ်တင်ရပါတော့တယ်။ ဒါပေမဲ့ Low Block မှာ ခံစစ်သမားတွေ အများကြီး ရှိနေတဲ့အတွက် အလွယ်တကူ ရှင်းထုတ်နိုင်ပါတယ်။
• The Trap (ထောင်ချောက်): ဒါက အရေးကြီးဆုံးပါ။ ပြိုင်ဘက်က ဂိုးရဖို့ တက်လာလေလေ၊ သူတို့ရဲ့ နောက်တန်းမှာ Space တွေ ကျယ်လာလေလေပါပဲ။ Low Block အသင်းက ဘောလုံးရတာနဲ့ တန်းပြီး Counter ထွက်ရင် ဂိုးရဖို့ အခွင့်အရေး ပိုများသွားပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက Pep Guardiola တို့လို တိုက်စစ်အရူးအမူး ကစားတဲ့ ဆရာကြီးတွေတောင်မှ တစ်ခါတလေမှာ (ဥပမာ- အာဆင်နယ်နဲ့ ပွဲမျိုးမှာ) အမှတ်မလျော့ဖို့အတွက် Low Block ကို လိုသလို ပြောင်းသုံးတတ်လာတာပါပဲ။
Low Block ဆိုတာ “ညံ့တဲ့အသင်းတွေ သုံးတဲ့နည်း” လို့ တချို့က ထင်တတ်ကြပေမဲ့ တကယ်တမ်းတော့ ဒါဟာ ဘောလုံးလောကရဲ့ “အထိရောက်ဆုံးသော နည်းစနစခတစ်ခု” ဖြစ်နေဆဲပါပဲ။ အသင်းကြီးတွေရဲ့ ပါးနပ်မှုကို စမ်းသပ်တဲ့ အကောင်းဆုံး ပြဒါးတိုင်ဆိုလဲမမှားပါဘူး။

author avatar
Innwas Editor