Innwa-Ads-Banner-1-1170X200

တနင်္ဂနွေည ဥရောပဘောလုံးကဏ္ဌ

အင်္ဂလန် ပရီးမီးယာလိဂ်ရဲ့ ထိပ်တန်းကလပ် ယူနိုက်တက်ဟာ အက်စတွန်ဗီလာကို ခံစစ်ကစားပုံဆိုးဝါးမှုနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးန်ိမ့်ခဲ့ပါတယ်။ Rogersရဲ့ သွင်းဂိုးတွေနဲ့ အက်စတွန်ဗီလာတို့ အိမ်ကွင်းမှာ မန်ယူအသင်းကို အနိုင်ရရှိခဲ့ပါတယ် ။ ဒီပွဲရလဒ်ကြောင့် အူနိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းရဲ့ သမိုင်းမှာ ပြိုင်ပွဲစုံ ဆယ်ပွဲဆက်အနိုင်ရယူနိုင်တဲ့ ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ် ။ အခုဆိုရင် Villa ဟာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး နောက်ဆုံးကစားခဲ့တဲ့ ၁၈ ပွဲမှာ ၁၆ ပွဲအထိ အနိုင်ရထားတာကြောင့် ဇယားထိပ်က Arsenal နဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါပြီ။

စပိန်လာလီဂါရဲ့ ထိပ်သီးကလပ် Barcelona အသင်းဟာ နှစ်သစ်ကို ဇယားထိပ်ဆုံးကနေ အပြတ်သတ် ရပ်တည်နိုင်ဖို့အတွက် အရေးပါတဲ့ အဝေးကွင်းနိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ Villarreal နဲ့ ပွဲစဉ်မှာ Barcelona ဟာ အိမ်ရှင်အသင်းကို ၂ ဂိုး – ဂိုးမရှိနဲ့ အနိုင်ယူခဲ့တာပါ။ ပွဲစလို့ ၁၂ မိနစ်မှာတင် Raphinha ရဲ့ ထိုးဖောက်မှုကို Santi Comesana က ဂိုးဧရိယာအတွင်း တားဆီခဲ့တာကြောင့် ပင်နယ်တီ ရရှိခဲ့ပြီး၊ ဒီပင်နယ်တီကို Raphinha ကိုယ်တိုင်ပဲ အေးအေးဆေးဆေး ကန်သွင်းယူခဲ့ပါတယ်။

ပွဲအဖြေကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ အချက်ကတော့ ပွဲချိန် ၃၉ မိနစ်မှာ Villarreal အသင်းသား Renato Veiga တစ်ယောက် လူငယ်ကြယ်ပွင့် Lamine Yamal ကို အန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှုကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ ဒါကြောင့်လည်း Villarreal ဟာ ပွဲတစ်ဝက်ကျော်ကို တစ်ယောက်လျော့နဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဒဏ်ရာကြောင့် ကုသမှုခံယူခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် Lamine Yamal ဟာ ဒုတိယပိုင်း ၆၃ မိနစ်မှာတော့ အသင်းအတွက် ဒုတိယမြောက် အပိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး Kill The Game ပြုလုပ်ပေးခဲ့ပါတယ်။ အိမ်ရှင် Villarreal ဘက်က Georges Mikautadze က ချေပဂိုးတွေရဖို့ ကြိုးစားခဲ့ပေမယ့်လည်း Barcelona ဂိုးသမား Joan García ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဂိုးမရခဲ့ဘဲ အရှုံးပေးခဲ့ရပါတယ်။

စပိန်လာလီဂါက တခြားပွဲစဉ်မှာတော့ Atlético Madrid ဟာ Girona ကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ၄ ပွဲဆက်တိုက်နိုင်ပွဲနဲ့အတူ နှစ်ဟောင်းကို အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဝါရင့်ကစားသမား Koke၊ Conor Gallagher နဲ့ လူစားဝင်တိုက်စစ်မှူး Antoine Griezmann တို့က ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဂျာမနီ ဘွန်ဒက်စ်လီဂါဘက်ကို ကြည့်ရအောင်ပါ။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ Bayern Munich ကတော့ အားမနာတမ်း ဂိုးမိုးရွာခဲ့တာပါ။ Vincent Kompany ရဲ့ အသင်းဟာ အဓိက ကစားသမားတွေဖြစ်တဲ့ Joshua Kimmich နဲ့ Manuel Neuer တို့ မပါဝင်နိုင်ပေမယ့်လည်း Heidenheim ကို ၄ ဂိုးပြတ်နဲ့ အဝေးကွင်းမှာ အနိုင်ယူခဲ့ပါတယ်။ Josip Stanisic နဲ့ Michael Olise တို့ရဲ့ ဂိုးတွေကြောင့် ပွဲကို အစောကြီးကတည်းက ထိန်းချုပ်နိုင်ခဲ့သလို၊ Luis Díaz ကလည်း ၈၆ မိနစ်မှာ ခေါင်းတိုက်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး Harry Kane က သူရဲ့ ယခုရာသီ ၁၉ ဂိုးမြောက် သွင်းဂိုးကို လှလှပပ ရယူပေးခဲ့တာကြောင့် Bayern Munich ဟာ ဒုတိယနေရာက Borussia Dortmund ကို ၉ မှတ်အထိ ဖြတ်ပြီး ဆောင်းရာသီ အားလပ်ရက်ကို အေးအေးလူလူ အနားယူနိုင်တော့မှာပါ။

နောက်ဆုံးအနေနဲ့ အီတလီ စီးရီးအေ သတင်းတွေကို ကြည့်ရရင်တော့… ဇယားအောက်ဆုံးမှာ ရုန်းကန်နေရတဲ့ Fiorentinaဟာ Udinese ကို ၅ ဂိုး – ၁ ဂိုးနဲ့ အပြတ်အသတ်နိုင်ပြီး ဒီရာသီရဲ့ ပထမဆုံးနိုင်ပွဲအရသာကို မြည်းစမ်းခွင့်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်မှူး Moise Kean က ၂ ဂိုး သွင်းယူပေးခဲ့တာပါ။ အလားတူပဲ Atalanta ကလည်း ဂိုးသမား အနီကတ်ပြခံခဲ့ရတဲ့ Genoa ကို ပွဲပြီးခါနီး မိနစ်မှာမှ Isak Hien ရဲ့ ခေါင်းတိုက်ဂိုးနဲ့ ခက်ခက်ခဲခဲ အနိုင်ယူသွားနိုင်ခဲ့ကြောင်းပြောကြားရင်းး ခရစ်စမတ်ကာလမှာ ပရီးမီးယားလိဂ်ကလွဲလို့ အနားယူကြမယ့် ဥရောကဘောလုံးကို နှုတ်ဆက်လိုက်ပါတယ်။