ပရီးမီးယားလိဂ် Gameweek 17 ပြီးပြီးဆိုတော့ ထုံးစံအတိုင်း ပရိသတ်တွေ သတိမထားမလိုက်နိုင်တဲ့ စိတ်ဝင်စားစရာ အချက်တစ်ချို့ကိုပြောပြပေးချင်ပါတယ်။
၁။ Rogers နဲ့ Emery တို့ရဲ့ ပါးနပ်တဲ့ အောင်ပွဲ
Aston Villa တို့ နိုင်ပွဲဆက်နေပေမဲ့မေးခွန်းထုတ်စရာတွေကတော့ ရှိနေဆဲပါ။ Manchester United နဲ့ ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးသွင်းခွင့်တွေမှာပါအသာမရခဲ့ပေမဲ့နိုင်ပွဲကိုတော့ Unai Emery က ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။အထူးသဖြင့် Morgan Rogersကို တောင်ပံထွက်ကစားခိုင်းပြီး Leny Yoro ရဲ့ အတွေ့အကြုံနည်းပါးမှုကို အသုံးချနိုင်ခဲ့တာကဆရာကျလွန်းတာပါ။ ဒီပွဲဟာ ကိန်းဂဏန်းတွေထက်နည်းစနစ်စနစ်တကျစီမံခန့်ခွဲနိုင်မှုကသာ အနိုင်ရလဒ်ကို ပေးစွမ်းနိုင်တယ်ဆိုတာ Emery သက်သေပြခဲ့ပြန်ပါပြီ။
၂။ Amorim ရဲ့ လမ်းပျောက်နေဆဲ ManUnited
Ruben Amorimရဲ့ Manchester United ကတော့ တစ်ခါတစ်လေမျှော်လင့်ချက်တွေပေးတတ်ပေမဲ့ အခုတော့ပုံစံပျက်နေပြန်ပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နိုင်ပွဲတွေဆက်လို့ ပရိသတ်တွေအားတက်ခဲ့ရပေမဲ့၊ နောက်ဆုံး ၈ ပွဲမှာတော့ ၂ ပွဲသာ နိုင်ခဲ့တာက စိုးရိမ်စရာဖြစ်နေပါတယ်။ Villa Park မှာ ကစားပုံမဆိုးခဲ့ပေမဲ့အဆုံးသတ်ပိုင်း အားနည်းမှုနဲ့ ဒဏ်ရာပြဿနာတွေက သူတို့ကိုအားနည်းစေခဲ့တာပါ။ အင်္ဂလန်မှာ၁၃ လကြာနေပြီဖြစ်တဲ့ Amorimအတွက်တော့ အနိုင်ရဖို့နည်းလမ်းရှာဖွေရဦးမယ်လို့ ထင်မိပါတယ်။
၃။ရုန်းကန်နေရ ပေမဲ့ ဇွဲကောင်းတဲ့ Gunners
Arsenal တို့ ဇယားထိပ်က မဆင်းခဲ့ပေမဲ့ကစားပုံကတော့ အားရစရာ သိပ်မရှိနေပါဘူး။ Everton နဲ့ ပွဲမှာဆို တိုက်စစ်ပိုင်းအားနည်းချက်တွေ သိသိသာသာမြင်တွေ့ခဲ့ရပါတယ်။ Artetaကတော့ သေချာကြိုးစားအားထုတ်ရင်ဂိုးပြတ်နိုင်ပွဲတွေ လာလိမ့်မယ်လို့ ဆိုပေမဲ့လည်း Saka နဲ့ Ødegaardတို့လို ကစားသမားတွေရှိနေတဲ့ အသင်းက အခုလို ခက်ခက်ခဲခဲကစားနေရတာဟာ ချန်ပီယံဆုရဖို့အတွက်တော့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
၄။ Guardiola ရဲ့ ခရစ္စမတ် စည်းကမ်းချက်
ManchesterCity ကတော့West Ham ကို ၃ ဂိုးပြတ်နဲ့ အေးအေးဆေးဆေးအနိုင်ယူခဲ့ပါတယ်။ ဒါပေမဲ့ Pep Guardiola ကတော့ ဒီရလဒ်လောက်နဲ့ သိပ်ကျေနပ်နေမယ့်ပုံမပေါ်ပါဘူး။ ဒါကြောင့် ခရစ္စမတ်ကာလမှာသူ့ကစားသမားတွေ ဝိတ်တက်မလာဖို့နဲ့ စည်းကမ်းလိုက်နာဖို့ကို အထူးသတိပေးထားပါတယ်။” ဘယ်သူမဆို ၃ ကီလိုလောက် ဝိတ်တက်လာရင် အိမ်မှာပဲ နေခဲ့ရမယ်” လို့တောင်ပြတ်ပြတ်သားသား ပြောထားတာပါ။ စည်းကမ်းရှိခြင်းကလည်း အောင်မြင်မှုရဲ့ သော့ချက်ပဲဆိုတော့ဒါကလည်း ဖြစ်သင့်တဲ့အရာတစ်ခုပါပဲ။
၅။ Isak ရဲ့ ဒဏ်ရာနဲ့ Liverpool ရဲ့ စိုးရိမ်စရာ
AlexanderIsak က Tottenhamနဲ့ ပွဲမှာ သူ့ရဲ့ တန်ဖိုးကို ဂိုးနဲ့သက်သေပြနိုင်ခဲ့ပေမဲ့ အောင်ပွဲခံချိန်ကတော့ ခဏလေးပါပဲ။ ဘာကြောင့်လဲဆိုတော့ Micky van de Ven ရဲ့ ဖျက်ထုတ်မှုကြောင့် Isak တစ်ယောက် ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့လို့ပါ။ခြေထောက်ကျိုးသွားတာမို့ ဒါဟာ နည်းပြ Arne Slot အတွက်တော့ အကြီးမားဆုံးထိုးနှက်ချက်ပါပဲ။ ပေါင်125သန်း တန်ကြေးရှိတဲ့ Isakဟာ ဒီရာသီမှာ Liverpool ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့်သူဖြစ်နေတဲ့အတွက် ပိုလို့တောင်စိတ်ပူစရာဖြစ်နေပါတယ်။
၆။ Chelsea ကံကောင်းသွားတာလား?
Newcastle နဲ့ Chelsea တို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အငြင်းပွားစရာတစ်ခု ရှိခဲ့ပါတယ်။ Anthony Gordon ကို Trevoh Chalobah က ပင်နယ်တီဧရိယာအတွင်း Foul လုပ်ခဲ့ပေမဲ့ ပင်နယ်တီ မရခဲ့ပါဘူး။ ဒါဟာ ပွဲရဲ့ ရလဒ်ကိုပြောင်းလဲသွားစေနိုင်တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ Eddie Howe ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေပြီး၊ဝေဖန်သူတွေကလည်း ဒါဟာ ပင်နယ်တီ ပေးသင့်တဲ့ အနေအထားလို့ သုံးသပ်နေကြပါတယ်။
ကဲဒါတွေကတော့ သတိမထားမိနိုင်တဲ့ စိတ်ဝင်စားစရာအချက်တစ်ချို့ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်၁၇ဟာ ရင်ခုန်စရာတွေနဲ့ပြည့်နှက်လို့နေခဲ့ပါတယ်။