Innwa-Ads-Banner-1-1170X200

လီဗာပူးနဲ့ဆန်ဒါးလန်းပွဲအား ကိန်းဂဏန်းတွေအရသုံးသပ်ကြည့်ခြင်း

မနေ့က အန်ဖီးလ်ညဟာ ပထမပိုင်းနဲ့ ဒုတိယပိုင်း လုံးဝကွဲပြားသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလို့ရမှာပါ။ ပထမပိုင်း ၄၅ မိနစ်လုံးလုံး အိပ်ချင်စရာကောင်းလောက်အောင် ငြီးငွေ့ဖွယ်ဖြစ်ခဲ့ပေမဲ့၊ ဒုတိယပိုင်းမှာတော့ အရူးအမူးဆန်တဲ့ပွဲတစ်ပွဲ ဖြစ်သွားခဲ့ပါတယ်။ နှစ်ဖက်စလုံး အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပြီး ဂိုးလိုင်းပေါ်က ဖြတ်ထုတ်ရှင်းလင်းမှု၊ ကိုယ့်ဂိုးကိုယ်သွင်းမှုတွေနဲ့ နောက်ဆုံးမိနစ်အထိ ရင်တထိတ်ထိတ် ဖြစ်နေတဲ့ ပွဲကြီး ဖြစ်သွားခဲ့ပါတယ်။ ရလဒ်ကတော့ ၁-၁ သရေ။

ပထမပိုင်းမှာ လီဗာပူးဟာ အိမ်ကွင်းမှာဆိုပေမဲ့ အရမ်းကို သတိထားပြီး ကစားခဲ့ပါတယ်။ ဖိအားပေးတာ မမြင့်ခဲ့ဘူး၊ အရှေ့ကို အလျင်စလို မတက်ဘူး။ Sunderland ကို ကိုယ့်ခံစစ်ဇုန်ထဲမှာ ဘောလုံးလွှတ်ပေးထားပြီး ကောင်တာစောင့်နေတဲ့ ပုံစံပါ။ ဒါကို ကိန်းဂဏန်းနဲ့ ကြည့်ရင် ပထမပိုင်း PPDA (ဖိအားပေးပြင်းထန်မှု) လီဗာပူး ၁၂.၁၊ Sunderland က ၁၇.၂ ဆိုတော့ နှစ်ဖက်စလုံး ဖိအားမပေးချင်ကြဘူး ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ အလုံးစုံပြောင်းလဲသွားခဲ့တယ်။ ပွဲပြန်စချိန်မှာပဲ Arne Slot က Mohamed Salah ကို ချက်ချင်းထည့်လိုက်ပြီး Cody Gakpo ကို ဆွဲထုတ်လိုက်ပါတယ်။ ဒီတစ်ခုတည်းနဲ့ လီဗာပူးရဲ့ တိုက်စစ်အရှိန်ဟာ လုံးဝပြောင်းလဲသွားပါတယ်။

ဒုတိယပိုင်း PPDA လီဗာပူး ၉.၀ ပဲ ရှိတော့တာကိုကြည့်ရင် ပိုပြင်းထန်စွာ ဖိအားပေးကစားလာတာလို့ဆိုလို့ရတယ်။ Sunderland ကတော့ ၂၈.၀ အထိ တက်သွားပါတယ်။ ဒါဟာ Blackcatတို့ လုံးဝပြန်ဆုတ်ပြီး ခံစစ်ကစားနေတာလို့ပြောတာပါ။ PPDA ဆိုတာ Passes Allowed Per Defensive Action (ခံစစ်ကစားတိုင်းမှာ ပြိုင်ဘက်ကို ဘယ်လောက်ကြာကြာ ဘောလုံးပေးထားရလဲ ဆိုတဲ့ အတိုင်းအတာကိုဆိုလိုခြင်းဖြစ်ပါတယ်။ပွဲကိုပြလီဗာပူးဟာ ပြိုင်ဘက်ပင်နယ်တီဧရိယာထဲ ဘောလုံးထိတွေ့မှုလည်း ပထမပိုင်း ပျှမ်းမျှ၁၀ ကြိမ်ကနေ ဒုတိယပိုင်း ၂၃ ကြိမ်အထိ နှစ်ဆကျော် မြင့်တက်သွားပါတယ်။

ဒီညမှာ နှစ်ဖက်ပေါင်း အဝေးကန်သွင်းချက် ၁၅ ချက် ရှိခဲ့ပြီး ဒီရာသီ ပရီးမီယာလိဂ်မှာ ဒုတိယအများဆုံးပါ။ ပထမပိုင်းမှာ တကယ်တမ်း ဂိုးခြိမ်းခြောက်နိုင်တာ အဝေးကန်သွင်းတာနဲ့ ပြိုင်ဘက်အမှားကနေ ပဲ ဖြစ်နေခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အကောင်းဆုံး ခံစစ်သမား Virgil van Dijk ကိုယ်တိုင်က အမှားနှစ်ခါလုပ်မိပြီး ဒုတိယတစ်ခါက Chemsdine Talbi ရဲ့ ဂိုးကို မတော်တဆ လမ်းကြောက်းဖွင့်ပေးခဲ့သလိုဖြစ်ခဲ့ပါတယ်။၈၁ မိနစ်မှာ လီဗာပူးရဲ့ ချေပဂိုးကလည်း အတူတူပါပဲ။ Florian Wirtz ရဲ့ လှပတဲ့ လိမ်ခေါက်ကျော်ဖြတ်မှုတွေနဲ့ ကန်ချက်ဟာ အဝေးကိုထွက်သွားမယ့်ပုံပေါက်ပေမဲ့ Nordi Mukieleရဲ့ ခြေထောက်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့ပါတယ်။ တကယ်တော့ ဒီဂိုးကို Wirtz ဂိုးအဖြစ် သတ်မှတ်ပေးရမှာပါ။ ဒါပေမဲ့ စည်းကမ်းအရ Mukiele ကိုယ့်ဂိုးကိုယ်သွင်း သလိုဖြစ်သွားပါတယ်။

နောက်ဆုံးမိနစ်တွေမှာ လီဗာပူးဟာ မိနစ် ၈၀နောက်ပိုင်း ကန်သွင်းမှု ၁၅ ချက်ထဲက ၈ ချက်ကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အနိုင်ဂိုးမရခဲ့ဘူး။ အစားထိုးဝင်လာတဲ့ Curtis Jones က ညာဘက်ခြမ်းကို အသက်သွင်းပေးခဲ့သလို၊ Hugo Ekitike ကလည်း Alexander Isak နဲ့မတူတဲ့ ပုံစံအသစ်တစ်ခု ယူဆောင်လာပေးခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ လုံလောက်မှု မရှိခဲ့ပါဘူး။

၉၄ မိနစ်မှာ ဆန်ဒါးလန်းဂိုးသမား Robin Roefs ရဲ့ long ball ပေးပို့မှုကနေ Wilson Isidor တစ်ယောက်တည်း ပြေးတက်လာပြီး Alisson ကို ကျော်ဖြတ်ခဲ့ပါတယ်။ အန်ဖီးလ်တစ်ခုလုံး အသံတိတ်သွားအချိန်မှာပဲ Federico Chiesa ဟာ တောင်ပံကနေ အပြေးပြန်ဆင်းလာပြီး ဂိုးလိုင်းပေါ်ကနေ ရှင်းထုတ်ပေးခဲ့ပါတယ်။ ဒီတစ်ချက်တည်းက လီဗာပူးကို အန်ဖီးလ်မှာ ၄၂ နှစ်ကျော်အတွင်း Sunderland လက်ထဲ ပထမဆုံး ရှုံးပွဲကနေ ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

နိဂုံးချုပ်ရရင် လီဗာပူးဟာ ဒုတိယပိုင်းမှာ တကယ်ကောင်းခဲ့ပေမဲ့ တစ်ပွဲလုံးအတွက် အမှတ် ၁ မှတ်ပဲ ရခဲ့ပါတယ်။ Sunderland ကတော့ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲပဲ ရှုံးထားပြီး ဇယားထိပ်ပိုင်း ၆ နေရာအတွင်း ဆက်လက်ရပ်တည်နေပါတယ်။ ဒီဇင်ဘာ ရောက်နေပြီဖြစ်ပေမဲ့ အသစ်တက်လာတဲ့ ကလပ်တစ်ခုက ချန်ပီယံအသင်းထက် အမှတ်ပိုရထားတယ် ဆိုတာ… ဒါဟာ ဒီရာသီရဲ့ အကြီးမားဆုံး အံ့အားသင့်စရာ ဇာတ်လမ်းတစ်ခု ဖြစ်နေပါပြီ။

အန်ဖီးလ်ညဟာ လီဗာပူးပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပေမဲ့၊ ဒုတိယပိုင်းက စွမ်းဆောင်ရည်လေးနဲ့တော့ အနည်းငယ် မျှော်လင့်ချက်လေး ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ ချန်ပီယံဆိုတဲ့ နာမည်နဲ့ မထိုက်တန်တဲ့ ခြေစွမ်းကိုတော့ အမြန်ဆုံး ပြန်လည်ပြုပြင်ရတော့မှာပါ။