Innwa-Ads-Banner-1-1170X200

Caicedo နေရာ Santos နဲ့ အစားထိုးနိုင်မလား

ချဲယ်လ်ဆီးအသင်းဟာ လာမယ့် ပရီးမီယာလိဂ် ပွဲစဉ် (၃) ပွဲဆက်တိုက် အဓိက ကစားသမား Moises Caicedoမပါပဲ ကစားရတော့မှာပါ။ တနင်္ဂနွေနေ့က Arsenal နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ Caicedo ဟာ Mikel Merino ကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် အနီကတ်ပြခံရလိုက်တာပါ။

ဒီလိုဆိုးရွားတဲ့အခြေအနေမှာ ပရိသတ်တွေ တစ်ယောက်ချင်းစီ စိတ်ထဲမေးခွန်းထုတ်နေကြမှာကတော့ – Andrey Santos ဆိုတဲ့ လူငယ်ဘရာဇီးကွင်းလယ်လူဟာ Moises Caicedo ချန်ခဲ့တဲ့ ကွက်လပ်ကို ဖြည့်ဆည်းနိုင်ပါ့မလား? ဒီတစ်ခါတော့ ကျွန်တော်တို့ အတူတူ Analysis လုပ်ကြည့်ကြရအောင်ပါ။

ဘောလုံးမရှိတဲ့အချိန် သူတို့နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်ရင် အံ့အားသင့်စရာပါပဲ။ ဒီရာသီ Premier League မှာ Caicedo ရော Andrey Santos ရော တစ်ပွဲပျမ်းမျှ ဘောလုံးဖျက်ထုတ်ရှင်းလင်းမှု ၃.၂ ကြိမ်စီပဲ ပြုလုပ်ထားကြပါတယ်။ ဆိုလိုတာက ဘောလုံးပြန်လုယူနိုင်စွမ်း၊ ခံစစ်ကာကွယ်နိုင်စွမ်းမှာ Santos ဟာ Caicedo နဲ့ လုံးဝ မကွာခြားပါဘူး။ ဒါပေမယ့် အသေးစိတ်ကို ကြည့်လိုက်ရင် Caicedo က ဘောလုံးပြန်ရဖို့ ပြုလုပ်တဲ့ (ball recoveries) ၅.၆ ကြိမ်၊ Dual Win ၅.၄ ကြိမ်၊ ဘောလုံးကြားဖြတ်လုယူမှု (interceptions) ၂.၅ ကြိမ်နဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသထားပါတယ်။ Santos ကတော့ အဲဒီအချက်တွေမှာ အနည်းငယ်နိမ့်ပေမယ့် အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ကစားသမားတစ်ယောက်အတွက်ကတော့ ဒီအဆင့်ဟာ အလွန်ကောင်းမွန်နေပြီလို့ ဆိုရမှာပါ။

ဒါပေမယ့် တကယ့်စိုးရိမ်စရာကောင်းတဲ့ အပိုင်းက ဘာလဲ ဆိုတော့ – ဘောလုံးပိုင်ဆိုင်မှုပါပဲ။ ချယ်လ်ဆီးဟာ ဒီရာသီ ဘောလုံးပိုင်ဆိုင်မှု အများဆုံးအသင်းတွေကို ထိပ်ဆုံးက စစီကြည့်ရင်တတိယနေရာမှာ ရပ်တည်နေပါတယ်။ အဲဒီထဲမှာ Caicedo ရဲ့ အခန်းကဏ္ဍက အလွန်ကြီးမားပြီး သူရဲ့ Impact ကြောင့် တစ်ပွဲပျမ်းမျှ ၅၉.၅ ကြိမ်ထိဘောလုံးပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘောလုံးပေးပို့မှု တိကျမှုနှုန်းက ၉၀.၇၆% ထိရှိနေတာပါ။ ဒါက ချယ်လ်ဆီးရဲ့ ကစားပုံအတွက် အဓိက အုတ်မြစ်ပါ။ တစ်ဖက်မှာ Andrey Santos ကတော့ တစ်ပွဲပျမ်းမျှ ၄၄.၅ ကြိမ်ပဲရှိပြီး ဘောလုံးပေးပို့မှု တိကျမှုနှုန်းက ၈၂.၈% ပဲရှိပါသေးတယ်။ ဒီအချက်က ချယ်လ်ဆီးရဲ့ ကစားပုံကို အနည်းငယ် ထိခိုက်နိုင်ပါတယ်။

Caicedo ဟာ ဘောလုံးပြန်ရပြီးတာနဲ့ ရိုးရှင်းစွာ၊ မြန်မြန်ဆန်ဆန် ရှေ့ကို ဖြန့်ပေးနိုင်လို့ ချယ်လ်ဆီးရဲ့ တိုက်စစ်က အရှိန်ရလာတာပါ။ အဲဒီအတွက်ကြောင့်ပဲ ချယ်လ်ဆီးဟာ အခွင့်အရေးဖန်တီးမှု စတုတ္ထနေရာမှာ ရှိနေတာပါ။ Santos မှာတော့ ဒီအပိုင်းတွေမှာ ပိုပြီးလေ့ကျင့်ရဦးမယ်လို့ ပြောရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းကတော့ လာမယ့် (၃) ပွဲဟာ Leeds၊ Bournemouth နဲ့ Everton ဆိုတော့ အတော်လေး ကံကောင်းတယ်ပြောရပါမယ်။ အထူးသဖြင့် Reece James ကိုလည်း အနားပေးဖွယ်ရှိတာကြောင့် Andrey Santos ဟာ Enzo Fernandez နဲ့အတူ ၄-၂-၃-၁ ရဲ့ ကွင်းလယ်နှစ်ယောက်မှာ ပွဲထွက်လူစာရင်းနေရာအတွက်အခွင့်အရေးရဖို့ များပါတယ်။ ပြီးခဲ့တဲ့ လက Burnley ကို ၂-၀ နိုင်တဲ့ပွဲမှာလည်း သူတို့နှစ်ယောက် အတူကစားပြီး ကောင်းကောင်းလုပ်ပြခဲ့ဖူးပါတယ်။

ဒါကြောင့် နိဂုံးချုပ်ရရင် – Andrey Santos ဟာ Moises Caicedo ရဲ့ ခံစစ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို လုံးဝ အစားထိုးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ဘောလုံးပြန်ရပြီး ချက်ချင်းရှေ့ကို ဖြန့်ဖို့နဲ့ ပွဲကို ထိန်းချုပ်နိုင်တဲ့ အပိုင်းမှာတော့ အနည်းငယ် ကွာခြားချက်ရှိနေပါသေးတယ်။ ဒီလာမယ့် ပွဲစဉ်သုံးပွဲဟာ သူ့အတွက် အခွင့်အရေးကြီးပါတယ်။ ဒီအချိန်မှာ သေချာကစားနိုင်မယ်ဆိုရင် ချယ်လ်ဆီးရဲ့ ကွင်းလယ်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

Andrey Santos ဟာ Caicedo ရဲ့ အပြည့်အဝ အစားထိုးသမား ဖြစ်လာနိုင်ပါ့မလား? လောလောဆယ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ရင် မကြာခင် ဖြစ်လာနိုင်ပါတယ်။

author avatar
Innwas Editor