ဝက်စ်ဟမ်းဟာ ရာသီစတင်ကတည်းက ၁၀ ပွဲမှာ ၁ပွဲတစ်ပွဲသာ အနိုင်ရခဲ့ပေမယ့် အခုအခါမှာတော့နှစ်ပွဲဆက်အနိုင်ရရှိခဲ့ပါပြီ။ Hammersတို့ဟာ ၂၀၂၅-၂၆ ရာသီမှာ နောက်ဆုံးတော့ဟန်ချက်ညီညီ ကစားလာနိုင်ပြီလို့ပြောရပါမယ်။ နယူးကာဆယ်နဲ့ ဘန်လေတို့ကို ၂ပွဲဆက်အနိုင်ရလိုက်တာဟာ ဖေဖော်ဝါရီလကတည်းက ပထမဆုံးအကြိမ် ဆက်တိုက်အနိုင်ရရှိခဲ့တာလဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက နိုင်ခဲ့တဲ့၂ပွဲလုံးမှာ နောက်ကလိုက်ကစားပြီး အနိုင်ရယူနိုင်ခဲ့တာပါ။ ၆ပွဲဆက်အနိုင်မရဘဲ အလွန်ညံ့ဖျင်းခဲ့တဲ့ အသင်းတစ်သင်းအတွက် ဒီလောက် တုန့်ပြန်နိုင်စွမ်းရှိမှာကို မျှော်လင့်ခဲ့ကြမှာ မဟုတ်ပါဘူး။ သူတို့ကို ချီးကျူးရပါမယ်။အခုချိန်မှာ ကောက်ချက်ချတာတွေ ၊ ဝေဖန်တာတွေလုပ်ဖို့ စောနေသေးပေမယ့် မန်နေဂျာသစ် နူနို အက်စ်ပီရီတို ဆန်တို့စ် ရောက်ရောက်ချင်း ပြုလုပ်ခဲ့တဲ့ ပြောင်းလဲမှုတွေကို အသ်ိမှတ်ပြုရပါမယ်။
ဝက်စ်ဟမ်ရဲ့ တိုက်စစ်ရေစီးကြောင်း ဘယ်လိုပြောင်းလဲလာသလဲ?
အမှန်တိုင်းပြောရရင် ဘာမှမပြောင်းလဲခဲ့ပါဘူး။ ဝက်စ်ဟမ်းဟာ နယူးကာဆယ်ကို အနိုင်ယူခဲ့တဲ့ နည်းစနစ် နဲ့ ကစားဟန်ကို ဘန်လေနဲ့ပွဲမှာလဲ တစ်သွေမတိမ်း ပြန်လည်အသုံးပြုခဲ့တာပါ။ ဒါဟာ ဝက်စ်ဟမ်းတို့ ရာသီစတင်ချိန်ကတည်းက ပထမဆုံးအကြိမ် အသင်းအခြေအနေနဲ့ ကစားသမား ၁၁ယောက်စာရင်းတူတူ ဆက်တိုက်နှစ်ပွဲဆက်ကစားခဲ့တာလဲဖြစ်ပါတယ်။ လူစာရင်းအပြင် တခြားအရာတွေလည်း ပြောင်းလဲသွားခြင်း မရှိပါဘူး။ ၁-၀ နဲ့ဦးဆောင်ခံရတာကစလို့ နိုင်ခဲ့တဲ့ ၂ပွဲလုံး ရဂိုး၃ဂိုးစီရရှိခဲ့တာပါတူနေခဲ့ပါတယ်။
တိုက်စစ်မှူးပြောင်းလဲမှု
အသင်းဖွဲ့စည်းပုံပြောင်းလဲတာအပြင်နောက်ထပ်သိသာတဲ့ ပြောင်းလဲမှုကတော့ တိုက်စစ်မှူးပြောင်းလဲခဲ့တာပါ။ နူနိုဟာအခြေခံအားဖြင့် တိုက်စစ်မှူးပုံစံအားလုံးကို စမ်းသပ်ကြည့်ခဲ့ပါတယ်။ တိုက်ရိုက်ထိုးဖောက်ကစားတဲ့ပုံစံအဖြစ် (Niclas Fullkrug), false nineအဖြစ် (Lucas Paqueta) နဲ့ finisher (Callum Wilson) တို့ဖြစ်ပါတယ်။ နောက်ဆုံး finisher ပုံစံကတော့ ၂ပွဲဆက်အောင်မြင်ခဲ့ပါတယ်။
လက်ရှိကစားဟန်
နူနို အက်စ်ပီရီတို ဆန်းတိုစ့်လက်ထက် ကစားပုံက်ိုပြောရမယ်ဆိုရင် ကစားသမားနေရာအရွေ့အပြောင်းတွေနဲ့ tempo မြင့် vertical ကစားဟန်တွေကို အားထားနေရပါတယ်။ ဒါဟာ ကောင်းတဲ့ပွဲတွေရော မကောင်းတဲ့ပွဲတွေမှာပါ ပေါ်လွင်ခဲ့ပြီး မန်နေဂျာသစ်ရဲ့ အဓိက လက္ခဏာတစ်ရပ်လို့ ယူဆရပါတယ်။ဝက်စ်ဟမ်းဟာ ဘောလုံးက်ိုတိုက်ရိုက်ကစားတာမျိုးပိုပြီး လုပ်လာကြပါတယ်။ ခေတ်သစ်ကစားဟန်ဖြစ်တဲ့အတွက် ဒီလိုဆော့လာတာကို အထူးတလည်တော့ ပြောစရာမရှိပါဘူး။ သူတို့ရဲ့ ပျမ်းမျှ ဘောလုံးပေးပ်ို့မှုအကွာအဝေး အမြင့်ဆုံး ပွဲသုံးပွဲထဲက နှစ်ပွဲဟာ အနိုင်ရရှိခဲ့တဲ့နှစ်ပွဲပဲ ဖြစ်ပါတယ်။
အဓိက ကိန်းဂဏန်းများ-
· နယူးကာဆယ်နဲ့ပွဲမှာပျမ်းမျှပေးပ်ို့မှုအကွာအဝေး ၂၀.၆ မီတာ
· စပါးနဲ့ပွဲမှာ ပျမ်းမျှပေးပို့မှုအကွာအဝေး ၂၀.၅ မီတာ နဲ့
· ဘန်လေနဲ့ပွဲမှာ ပျမ်းမျှအကွာအဝေး ၂၀.၁ မီတာတိုဖြစ်ပါတယ်။
ဒါ့အပြင် ဂိုးကန်သွင်းချက်တွေလဲ ပိုရလာခဲ့ပါတယ်။ Hammerတို့ဟာ နယူးကာဆယ်နဲ့ ဘန်လေတို့ကို အနိုင်ရခဲ့တဲ့ ပွဲတစ်ပွဲစီမှာ ဂိုးကန်သွင်းချက် ၁၅ ချက်စီ ရရှိခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ ဒီရာသီ ပြိုင်ပွဲအားလုံးအတွင်း တစ်ပွဲတည်းမှာ အများဆုံး ရခဲ့တဲ့ကန်ချက်အရေအတွက်လည်းဖြစ်ပါတယ်။ဝက်စ်ဟမ်းရဲ့ နောက်ထပ် ကစားရမယ့်ပွဲသုံးပွဲဟာ ဘုန်းမောက်၊ လီဗာပူးလ်၊ မန်ချက်စတာ ယူနိုက်တက်တို့နဲ့ ဖြစ်တာကြောင့် နိုင်ပွဲဆက်ဖို့ သိပ်တော့မလွယ်ပါဘူး။ အနိုင်ရရှိခဲ့တဲ့ ၂ပွဲလုံးက အိမ်ကွင်းမှာ ရခဲ့တာဖြစ်ပြီး၊ နောက်ကန်ရမယ့် ၄ပွဲမှာ ၃ပွဲကို အဝေးကွင်းကစားရမှာဖြစ်တယ်ဆိုတာလည်း သတိပြုသင့်ပါတယ်။ဒါပေမယ့် ခုလက်ရှိကစားဟန်ဟာ အရင်ကစားဟန်တွေနဲ့ယှဉ်ရင် အတော်လေး သိသိသာသာ ကောင်းမွန်လာတာကြောင့် ပရိသတ်တွေအနေနဲ့ အရာရာ တကယ်ပဲ ပြန်ကောင်းလာပြီလို့ မျှော်လင့်လို့ရပါတယ်။