သူတို့ဟာ ဂိုးသွင်းတာတွေ၊ ဖျက်ထုတ်ရှင်းလင်းတာတွေနဲ့ မလုပ်ဘဲ ဝီစီသံတစ်ချက်နဲ့ပဲ ပွဲစဉ်တွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးကြတဲ့ တရားသူကြီးတွေပဘောလုံးလောကမှာရှိပါတယ်။ ဆယ်စုနှစ်တွေချီပြီး ‘ဒိုင်လူကြီး’ ဆိုတဲ့ စကားလုံးဟာ တရားမျှတမှု၊ ထိန်းချုပ်နိုင်စွမ်းနဲ့ ရိုးသားဖြောင့်မတ်မှုကို ကိုယ်စားပြုနေခဲ့တာပါ။ ဒါပေမယ့် ပွဲရဲ့ ဒီလိုအရေးပါတဲ့သူတွေကိုယ်တိုင်ဟာ သံသယဝင်ဖို့ကောင်းနေရင်ဘာဖြစ်သွားနိုင်သလဲ။
ဒီရက်ပိုင်း တူရကီဘောလုံးလောကမှာ ဘောလုံးအားကစားရဲ့ ကိုယ်ကျင့်တရားပေါ် ကမ္ဘာအမြင်တွေပြောင်းလဲသွားစေနိုင်တဲ့ အမှန်တရားတစ်ခု ပေါ်လာခဲ့ပါတယ်။ Turkish Football Federation က ရှာဖွေတွေ့ရှိခဲ့တာက ဒိုင်လူကြီး၊ အကူဒိုင်နဲ့ VAR ဒိုင် တွေဟာ အွန်လိုင်း အလောင်းအစားပလက်ဖောင်းတွေမှာ အကောင့်တွေဖွင့်ထားကြတယ်ဆိုတာပါပဲ။ တစ်ချို့ကတော့ သူတို့ကိုယ်တိုင် အလောင်းကစားလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။
Turkish Football Federation က ချက်ချင်းပဲ ဒိုင်လူကြီး ဒါဇင်နဲ့ချီကို စုံစမ်းစစ်ဆေးမှုမပြီးမချင်း ပွဲကိုင်တွယ်ခွင့် ပိတ်ထားလိုက်ပါတယ်။ ဒါပေမယ့် သတင်းခေါင်းစဉ်တွေရဲ့ နောက်ကွယ်မှာ ပိုနက်ရှိုင်းတဲ့ အမှန်တရားတစ်ခုရှိနေပါတယ်။ ခေတ်သစ် ဒိုင်လူကြီးတွေဟာ ကြီးမားတဲ့ ဖိအားတွေအောက်မှာ နေထိုင်ကြရပါတယ်။ သူတို့ဟာ လူမှုကွန်ရက်တိုက်ခိုက်မှုတွေ၊ အများရှေ့ ဆဲဆ်ုခံရမှုတွေ၊ VAR ရဲ့ ရှု့ထောင့်အမျိုးမျိုးကနေ ဆက်တိုက် စိစစ်ဝေဖန်ခံရမှုတွေကို ရင်ဆိုင်နေကြရပါတယ်။
အလောင်းအစားကုမ္ပဏီတွေဟာ ကလပ်တွေ၊ လိဂ်တွေနဲ့ အားကစားကွင်းတွေကိုတောင် စပွန်ဆာပေးတဲ့ခေတ်မှာ၊ ဘောလုံးနဲ့ အလောင်းအစားကြားမှာ တကယ်ကို ရှင်းလင်းတဲ့ မျဉ်းကြောင်းဆွဲနိုင်မလား။ ဒါမှမဟုတ် ပြန်မဆွဲနိုင်လောက်အောင် မှုန်ဝါးသွားအောင် ကျွန်ုပ်တို့ကိုယ်တိုင် လုပ်မိပြီးသားလားဆိုတာ စဉ်းစားရပါတော့မယ်။
ဥရောပ၊ အာရှ၊ ဒေသဆိုင်ရာ လိဂ်တွေအထိ မေးခွန်းတွေ ထွက်ပေါ်လာနေပါပြီ။ ကစားပွဲရဲ့ အလားအလာကို ထိန်းချုပ်ကြတဲ့ လူတွေအကြောင်း ကျွန်ုပ်တို့ ဘယ်လောက် သိကြသလဲ။ ဒိုင်လူကြီးတွေကို ကစားသမားတွေလိုပဲ — ငွေကြေးအရ စစ်ဆေးခံပြီး ဒီဂျစ်တယ်ခြေရာခံရမယ့် စည်းကမ်းတင်းကျပ်တဲ့ စနစ်တွေ လိုအပ်သလား။ လိုအပ်တယ်ဆိုရင် ကြည့်ရှုစောင့်ကြပ်သူတွေကို ဘယ်သူက ကြည့်ရှုမှာလဲ စတဲ့မေးခွန်းတွေဟာ အကုန်လုံစဉ်းစားသင့်နေပါပြီ။
ဖြစ်နိုင်တာက ဒီဖြစ်ရပ်ဟာ အကျင့်ပျက်ခြစားမှုသက်သက်အတွက်ပဲ မဟုတ်ပါဘူး။ သတိပေးချက်တစ်ခု — ဘောလုံးရဲ့ အားကစားစိတ်ဓာတ်ဟာ ကျိုးပဲ့လွယ်တယ်ဆိုတဲ့ အသိပါပဲ။ ယုံကြည်မှုအလွယ်တကူ ပျက်စီးသွားရင် သန်းချီတဲ့လူတွေ ရဲ့ ယုံကြည်ကိုးစားနေကြတဲ့ အရာကို ပျက်စီးသွားစေနိုင်တယ်ဆိုတာပါပဲ။