Innwa-Ads-Banner-1-1170X200

“ Arsenal ဟာ ဒီရာသီ ဆုဖလားတစ်ခုနဲ့ ထိုက်တန်တယ်”

ဘောလုံးအသင်းတစ်သင်းဟာ ကစားရုံသက်သက်မဟုတ်ဘဲ အနုပညာကို ဖန်တီးတင်ဆက်တဲ့ ရာသီဆိုတာ ရှိလာတတ်ပါတယ်။ Arsenal အတွက်ကတော့ ဒီရာသီဟာ အဲဒီလို ရာသီဖြစ်လာနေပါပြီ။ လှုပ်ရှားမှုတိုင်းဟာ လေ့ကျင့်ထားသလို၊ ပြန်လှန်တိုက်စစ်ခံစစ်ကစားပုံတိုင်းဟာ ပန်းချီဆွဲထားသလို၊ အနိုင်ရလဒ်တိုင်းဟာ ကြိုတင်ချိန်းဆိုထားသလို ခံစားရတဲ့ ရာသီတစ်ခုပေါ့။

ညက ချန်ပီယံလိဂ်အောင်ပွဲကလည်း ဖန်တီးဆဲပန်းချီကားထဲက စုတ်ချက်တစ်ချက်ဖြစ်ခဲ့တယ်။
သူတို့ယှဥ်ပြိုင်ခဲ့တဲ့ Ticoဆိုတာ စိတ်ဓာတ်အပြည့်၊အားအင်အပြည့် နဲ့ ကျစ်လစ်မှုရှိရှိကစားနိုင်တဲ့ အသင်းဆိုတာ လူတိုင်းသိတယ်။ အဲ့လိုအသင်းကို၄-၀ ဂိုးပြတ် အနိုင်ရပြီး ဒုတိယပိုင်း မိနစ် ၅၇မိနစ်ကနေ မိနစ်၇၀၊ ယေဘုယျအားဖြင့် ၁၀မိနစ်ပဲရှိမယ်။ ၄ဂိုးကို ၁၀မိနစ်အတွင်းသွင်းပြီး ဆီမြွန်နီကို တစ်စစီဆွဲဖြဲပလိုက်တယ်။ အနွေးဓာတ်လိုချင်လို့ ရေနွေးနဲ့ ရေချိုးချင်တဲ့ သူတွေကို မီးလောင်တိုက်သွင်းပေးလိုက်တယ်။ အနွေးဓာတ် ထက်ပိုတဲ့ အပူကို ခံစားစေလိုက်တယ်။ Arteta ရဲ့ နည်းဗျူဟာဟာ ဒီစက်ယန္တရားကြီး ဘယ်လောက်ထိ ချောမွေ့နေပြီလဲဆိုတာကို ထပ်မံပြသလိုက်တာပါပဲ။

မနေ့ညကပွဲကိုကြည့်ပြီး ခံစားရတာက Arsenal ဟာ ကစားသမားအစုဖွဲ့သက်သက်မဟုတ်တော့ပါဘူး။သူတို့ဟာ စနစ်တစ်ခု၊ စိတ်ကူးတစ်ခု၊ ပြီးပြည့်စုံမှုဆိုတာ ရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခု ဖြစ်နေပါပြီ။ Declan Rice ဟာ စစ်မြေပြင်ကို ကြည့်ရှုနေတဲ့ ဗိုလ်ချုပ်တစ်ဦးလို အလယ်တန်းကို အုပ်စိုးထားနိုင်တယ်။ Zubemendiဟာ Chess Board ပေါ်က The Knight လို တစ်ကွင်းလုံးကို လိမ်ခေါက်ကျော်ဖြတ်မှုတွေအပြည့်နဲ့ ကစားပြနေတယ်။ Martinelli ကတော့ အသင်း ဂန္တဝင် Henry တိတ်တိတ်လေးခေါ်ပြီး ဝိညာဉ်စွမ်းအားတွေများပေးလိုက်သလားထင်ရလောက်အောင် Henry ဆန်လွန်းနေခဲ့တယ်။သူ့ရဲါထိတွေ့မှုတွေဟာ သိမ်မွေ့ပြီး ဆုံးဖြတ်ချက်၊ ယုံကြည်ချက်ပေးနိုင်စွမ်းရှိပါတယ်။ ခံစစ်ကာကွယ်ရေးမှာ Saliba နဲ့ Gabriel တို့ဟာ အတွဲညီညီနဲ့ အချိန်ကိုက်မှုတို့ရဲ့ ခံတပ်ကြီးပါ။ သူတို့နောက်မှာတော့ Raya ဟာ တောင်တန်းလေညင်းလို အေးဆေးတည်ငြိမ်စွာနဲ့ အသင်းရဲ့ နှလုံးခုန်သံကို မှန်ကန်စွာ ထိန်းကျောင်းပေးထားပါတယ်။

အခု Arsenal ကို ကြည့်ရင် Control and Destroy ဆိုတဲ့ အရာကို မြင်တွေ့ရပါတယ်။ အဲ့နောက်မှာ ထပ်ပေါင်းလာနိုင်တာက Kill the gameပါ။လှုပ်ရှားမှုတိုင်းဟာ ပီပြင်ပါတယ်။ ပြန်လှန်တိုက်စစ်တိုင်းမှာ ရည်ရွယ်ချက်ရှိပါတယ်။သူတို့ဟာ ဂိုးသွင်းပြီး အနိုင်ရရုံသက်သက်နဲ့မဟုတ်ဘဲဖွဲ့စည်းပုံ၊ သည်းခံမှုနဲ့ ကိုယ်ပိုင်လက္ခဏာတို့ကြောင့် အနိုင်ရတာပါ။

ဒီလိုအရည်အသွေးတွေ အမြဲရှိခဲ့တာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက Arsenal ဟာ ပြောင်းလဲမှုမရှိဘဲ ကတိပေးနေရုံသက်သက်သာရှိတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Mikel Arteta ရဲ့ လက်ထက်မှာတော့ ရှုပ်ထွေးမှုတွေဟာ အနုပညာအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ခက်ခဲစွာ သင်ယူခဲ့ရတဲ့ လူငယ်အသင်းတစ်သင်းကနေ ကြီးစိုးလာတတ်တဲ့ အရွယ်ရောက်ပြီးသား အသင်းတစ်သင်းအဖြစ်ကို ကူးပြောင်းလာခဲ့ပါတယ်။

Anfield မှာ Liverpool ကို ကပ်ပြီးရှုံးနိမ့်ခဲ့တယ်။သူတို့ဟာ ပြိုလဲမသွားခဲ့ပါဘူး။ Formမပျက်သွားဘူး။
သူတို့ သင်ယူခဲ့ကြတယ်။ ဥရောပကို ပေးလိုက်တဲ့ သတင်းစကားကတော့ Arsenal ဟာ လက်ရှိလုပ်ငန်းစဥ် မဟုတ်တော့ဘူးဆိုတာပါပဲ။ သူတို့ဟာ ရလဒ် ဖြစ်နေပြီ။

သူတို့ဟာ ဒီရာသီမှာ အဓိကဆုဖလား တစ်လုံးရကိုရသင့်တယ်။ ဒီတိုင်းဆက်သွားရင် အကုန်လုံးတောင်ရသွားနိုင်တယ်။ လက်ရှိရာသီမှာ ကိန်ဂဏန်းအရပဲကြည့်ကြည့်၊ ခြေစွမ်းအရပဲကြည့်၊ ဘယ်ဘက်ကစမ်းစမ်း၊ ညာဘက် စမ်းစမ်း၊ လက်ရှိချိန်မှာ အာဆင်နယ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့. သူတို့တည်ဆောက်ထားတာဟာ ကံကောင်းလို့ မဟုတ်လို့ပဲ။ဒါဟာ စည်းကမ်းပါ။အချိန်တွေအများကြီး လေ့ကျင့်ရေးမှာ ကုန်ဆုံးပြီး တူညီတဲ့ ကစားဟန်၊ တူညီတဲ့ ပြေးလမ်းကြောင်းကို ထပ်ခါထပ်ခါ လေ့ကျင့်ပြီး သဘာဝအတိုင်းဖြစ်သွားအောင် လုပ်ထားတာပါ။ Saka, Martinelli နဲ့ Lewis Skelly တို့လို ကစားသမားတွေကို ယုံကြည်ပြီး စိတ်ချရဲတယ်ဆိုတဲ့ သတ္တိပါ။ ဖြတ်လမ်းမသုံးခဲဘဘဲ ပြန်လည်တည်ဆောက်ဖို့ ဆန္ဒရှိခဲ့တာကြောင့် ခုချိန်ဒီလိုမျိုး အောင်ပွဲတွေကို ဆွတ်ခူးနေရတာဖြစ်တယ်။

ချန်ပီယံတိုင်းရဲ့ ခရီးစဥ်ဟာ ဆူးတောင်တွေနဲ့ စတင်တတ်ပါတယ်။Arsenal အတွက်ကတော့ ပြီးခဲ့တဲ့နှစ်က ဖလားလက်လွတ်ခဲ့ရတဲ့ ဝမ်းနည်းမှုတွေ၊ ဥရောပမှာ အနိုင်ရဖို့ နည်းနည်းလေးပဲ လိုခဲ့တဲ့ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်မှုတွေဟာ လောင်စာတွေ ဖြစ်လာခဲ့ပါတယ်။အခုတော့ သူတို့ဟာ ပြန်လည်အချိန်ယူရမဲ့အသင်းသက်သက် မဟုတ်တော့ပါဘူး။သူတို့ဟာ အသိအမှတ်ပြုခံချင်တဲ့ အသင်းဖြစ်နေပါပြီ။

ဒါကြောင့် လူတွေမေးတဲ့အခါ… Arsenal ဟာ ဒီနှစ်မှာ ဖလားတစ်လုံး ရထိုက်သလား?
အဖြေကတော့… ရှင်းနေပါပြီ။
သူတို့ဟာ ဖလားအားလုံးကို ခံယူထိုက်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့.ကျွန်တော်တို့ ကြည့်ရှုနေရတာဟာ ဘောလုံးကစားတာ ကောင်းရုံသက်သက် မဟုတ်လို့ပါ။ ဒါဟာ မှန်ကန်စွာ ကစားထားတဲ့ ဘောလုံးပါ။ပီပြင်တယ်။ စနစ်ကျတယ်။ မရပ်မနား ဆက်လက်ကစားနိုင်တယ်။ဒါဟာ. Arsenal ပါ။ ပြီးတော့ ဒီနှစ်မှာတော့. သူတို့ ဖလားအားလုံးကို ယူဆောင်သွားနိုင်ပါတယ်။