Innwa-Ads-Banner-1-1170X200

Bukayo Saka –ပရီးမီးယားလိဂ် ပွဲ၂၀၀ပြည့် နောက်ကွယ်က စံချိန်တင်မှတ်တမ်းများ

ဘောလုံးမှာ ထူးချွန်မှုဆိုတာ ခမ်းနားသောအောင်ပွဲများနဲ့ ချက်ချင်းရောက်ရှိလာတာမျိုး မဟုတ်တတ်ပါဘူး… ဒါဟာ တစ်ပွဲပြီးတစ်ပွဲ၊ တစ်ရာသီပြီးတစ်ရာသီ ဖြည်းဖြည်းချင်း တိုးတက်လာမှုပါ။ Bukayo Saka ဟာ ဒီလိုမျိုးနည်းလမ်းနဲ့ပဲ အာဆင်နယ်ရဲ့သမိုင်းထဲကို သူ့နာမည်ကို ထုဆစ်ခဲ့တာပါ။

အသက် ၂၄ နှစ် နှင့် ၂၉ ရက် သာရှိသေးတဲ့ ဒီ Hale End သားပေါက်ဟာ အခုဆိုရင် Premier League ပွဲ ၂၀၀ မြောက်ကို ရောက်ရှိသွားပါပြီ။ ဒါကို နမူနာယူကြည့်မယ်ဆိုရင်… လွန်ခဲ့တဲ့ ၇ နှစ်အတွင်း ဒီခြေလှမ်းကို ချနိုင်ခဲ့တဲ့ အငယ်ဆုံးကစားသမားလည်းဖြစ်ပါတယ်။ နောက်ဆုံးအကြိမ် တစ်ယောက်ယောက်က ဒီလောက်ငယ်ငယ်နဲ့ ပွဲ ၂၀၀ ရောက်ခဲ့တာက ၂၀၁၈ ခုနှစ်က Raheem Sterling ဖြစ်ခဲ့ပါတယ်။ ဒါမှမဟုတ် ဒီထက်ပိုပြီး နောက်ကြတဲ့ Cesc Fàbregas၊ Wayne Rooney နဲ့ James Milner တို့လို နာမည်ကြီးတွေရဲ့ စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

Saka ရဲ့နာမည်ဟာ အခုဆိုရင် ဒီဂန္တဝင်တွေကြားထဲ ဂုဏ်ယူစွာနဲ့ ရပ်တည်နေပါပြီ။ ပွဲ ၂၀၀ မြောက်ကို ရောက်ရှိခဲ့တဲ့ သတ္တမမြောက် အငယ်ဆုံးကစားသမားဖြစ်တယ်… ဒါဟာ အနီရောင်နဲ့ အဖြူရောင်အင်္ကျီကို စတင်ဝတ်ဆင်ခဲ့တဲ့အချိန်ကစပြီး သန်းပေါင်းများစွာရဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်လာခဲ့တဲ့ ကစားသမားတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောနေတာပါ။

မနေ့ညကအာဆင်နယ်ဟာ West Ham United ကို ၂-၀ နိုင်ခဲ့ပြီး… ဟုတ်ပါတယ်… Saka ကပဲ ဂိုးသွင်းခဲ့တာပါ။ ဒီဂိုးဟာ နံပါတ်တစ်ခုသက်သက်ထက် ပိုပါတယ်… သူ့ကို ပိုမိုရှားပါးတဲ့ ကလပ်တစ်ခုထဲ ထည့်သွင်းပေးလိုက်တာပါ။ သူမတိုင်ခင်က အာဆင်နယ်ကစားသမား တစ်ယောက်တည်းသာ သူ့ရဲ့ ပွဲ ၂၀၀ မြောက်မှာ ဂိုးသွင်းနိုင်ခဲ့တယ်: Thierry Henry… ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတုန်းကပါ။ အခု… ဆယ်စုနှစ် ၂ ခုနီးပါးကြာပြီးနောက် Saka ဟာ အာဆင်နယ်ဘုရင်ကြီးနဲ့အတူ ရပ်တည်နေပါပြီ။

Hale End academy ကနေ Emirates spotligh ထိ… Saka ဟာ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးရုံသာမက… မွေးရပ်မြေက သူရဲကောင်းဖြစ်ခြင်းရဲ့ အဓိပ္ပာယ်ကိုပါ ပြန်လည်သတ်မှတ်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာ စတင်ကစားခဲ့ပြီးတဲ့နောက် Mikel Arteta အောက်မှာ အာဆင်နယ်ရဲ့ ခေတ်သစ်ရဲ့ မျက်နှာစာဖြစ်လာတယ်: ငယ်ရွယ်တယ်၊ မကြောက်ရွံ့တတ်ဘူး၊ နည်းစနစ်ပြည့်ဝတယ်၊ နှလုံးသားပြည့်ဝတယ်။

သူ့ရဲ့ ဂိုးအရေအတွက်ကို ကြည့်မယ်ဆိုရင်… သူ့အသက်အရွယ်အတွက် အံ့သြစရာကောင်းလောက်အောင်ပါပဲ။ Premier League သမိုင်းမှာ ဂိုးပါဝင်မှု ၁၀၀ ရောက်တဲ့ စတုတ္ထမြောက် အငယ်ဆုံးကစားသမားဖြစ်ပြီး… လိဂ်ဂိုး ၅၀ ရောက်တဲ့ အမြန်ဆုံး အာဆင်နယ်ကစားသမား လည်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်မှာပဲ… ကလပ်အတွက် ပြိုင်ပွဲအားလုံးပေါင်း ပွဲ ၂၀၀ ရောက်တဲ့ စတုတ္ထမြောက် အငယ်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်မှာဆိုရင်လည်း… အင်္ဂလန်အတွက် Saka ရဲ့ ၁၂ ဂိုးဟာ သူ့ကို အင်္ဂလန်အသင်းသမိုင်းမှာ အာဆင်နယ်ကစားသမားတွေထဲက အများဆုံးဂိုးသွင်းသူ အဖြစ် ရပ်တည်စေတယ်။ တခြား ဘယ်အာဆင်နယ်ကစားသမား တစ်ယောက်မှ ဒီလိုမလုပ်နိုင်ခဲ့ပါဘူး။ ၂၀၂၂ ကမ္ဘာ့ဖလား အတွင်းမှာ… အသက် ၂၁ နှစ် နှင့် ၇၇ ရက်
အရွယ်မှာ Iran ကိုနိုင်ခဲ့တဲ့ပွဲမှာ ဂိုးနှစ်ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး အင်္ဂလိပ်ကစားသမား ဖြစ်လာခဲ့တယ်။

ကလပ်အတွက်ရော၊ နိုင်ငံအသင်းအတွက်ပါ… သူ့ရဲ့စွမ်းဆောင်ရည်က မယုံနိုင်လောက်အောင်ကောင်းမွန်ခဲ့တယ်။ ၂၀၂၄/၂၅ ရာသီမှာ Henry ရဲ့မှတ်တမ်းကိုတူအောင် Premier League ပွဲ ငါးပွဲဆက်တိုက် ဂိုးပါဝင်ခဲ့တယ်… ပြီးခဲ့တဲ့နှစ်က ဥရောပမှာ Champions League သမိုင်းကို သူကပဲ စတင်ရေးသွင်းနိုင်ခဲ့တယ်… သူ့ရဲ့ပထမဆုံး အိမ်ကွင်းပွဲ သုံးပွဲစလုံးမှာ ဂိုးသွင်းရုံသာမက အကူအညီပါ ပေးနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့တယ်။

ဒီတော့… ဒါတွေအားလုံးက ဘာကိုဆိုလိုတာလဲ? ဆိုလိုတာက… ကျွန်တော်တို့ဟာ အာဆင်နယ်ရဲ့ ကြီးမြတ်တဲ့ကစားသမားတစ်ယောက် ပေါ်ထွန်းလာတာကို ကြည့်ရှုနေရတာသာမက… Premier League ဂန္တဝင်တစ်ယောက်ရဲ့ ဖြစ်တည်မှုကိုပါ မြင်တွေ့နေရတာပါ။ Saka ရဲ့ဇာတ်လမ်းဟာ တောက်ပမှု (သို့) ကျော်ကြားမှုအကြောင်းမဟုတ်ပါဘူး… ဒါဟာ စွန့်လွှတ်အနစ်နာခံမှု၊ ကြံ့ခိုင်မှုနဲ့ ဘယ်တော့မှ မှေးမှိန်မသွားတဲ့ တိတ်ဆိတ်နေတတ်တဲ့ ထက်မြက်မှုရဲ့ အကြောင်းပါ။

ပရိသတ်တွေက “ Saka and Emile Smith Rowe” ဆိုပြီး သီချင်းဆိုကြတဲ့အခါ… ဒါဟာ သီချင်းတစ်ပုဒ်ထက် ပိုပါတယ်… အာဆင်နယ်ရဲ့အနာဂတ်က ဘယ်လိုပုံစံမျိုးလဲဆိုတာကို သတိရစေတဲ့အရာတစ်ခုပါ။ The Invincibles တွေကို ကြည့်ရှုကြီးပြင်းလာခဲ့တဲ့ ကစားသမားတစ်ယောက်ဟာ… အခုဆိုရင် သူ့ကိုယ်ပိုင်အမွေအနှစ်မှတ်တမ်းကောင်းကို ဖန်တီးနေပါပြီ။ ပွဲ ၂၀၀ ပြည့်သွားပြီ… ဒါပေမယ့် တကယ့်ကို ထိတ်လန့်ဖို့ကောင်းတာက… သူက အခုထိ ၂၄ နှစ်ပဲ ရှိသေးတယ်။ Bukayo Saka ရဲ့ဇာတ်လမ်းမှာ ရေးဖွဲ့ဖို့ ဇာတ်ကွက်အသစ်တွေ ကျန်နေသေးတယ်။