Innwa-Ads-Banner-1-1170X200

Ange ball ကျဆုံးတော့မလား?

ပရီးမီးယားလိဂ် လက်ရှိအချိန်မှာ Ange Postecoglou လိုမျိုး ဖိအားတွေကို အပြင်းအထန် ခံစားနေရတဲ့ မန်နေဂျာဟာ ရှားပါတယ်။ Nottingham Forest မှာ စတင်ကိုင်တွယ်တာ တစ်လပဲ ရှိသေးပေမယ့် သူ့အနေအထားက သိပ်မခိုင်မာလှပါဘူး။ သူစတင်တာဝန်ယူပြီးနောက် ကစားခဲ့တာ ခြောက်ပွဲရှိပြီဖြစ်သော်လည်း အနိုင်တစ်ပွဲမှ မရသေးတာကို တွေ့ရပါတယ်။ တည်ငြိမ်တိုးတက်မှုကို မျှော်လင့်နေတဲ့ ကလပ်အဖွဲ့အတွက်ကတော့ ဒီအခြေအနေဟာ စိတ်ပျက်၊ဒေါသထွက်ဖွယ် အခြေအနေတစ်ရပ်ကို ရောက်ရှိသွားစေခဲ့ပါတယ်။

ဒီလက္ခဏာရပ်တွေရဲ့ ပြဿနာအရှိိန်အမြင့်ဆုံးက တော့ Midtjylland နဲ့ ကစားခဲ့တဲ့ Europa League ပွဲပါပဲ။ Forest အသင်းဟာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရိသတ်တွေက “မနက်ဖြန် မင်းအလုပ်ပြုတ်လိမ့်မယ်” ဆိုတဲ့ စကားကို အော်ဟစ်ပြောဆိုခဲ့ကြတာပါပဲ။ Postecoglou ကိုယ်တိုင်လည်း ဒီစကားကို ကြားခဲ့ရကြောင်း ဝန်ခံခဲ့ပြီး ပရိသတ်တွေရဲ့ ဒေါသကို နားလည်ပေမယ့် ဒါဟာ Forest အသင်း ဘယ်လောက်ထိ နိမ့်ကျသွားခဲ့လဲဆိုတာကို ပြန်သတိရစေတဲ့ နာကျင်ဖွယ်အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လိဂ်ဇယားကိုကြည့်ရင်လည်း အဖြေတစ်ခုကို တွေ့ရပါတယ်။ Forest အသင်းဟာ အဆင့်၁၇ နေရာမှာ ရပ်တည်နေပြီး ခြောက်ပွဲကစားပြီးချိန်ငါးမှတ်သာ ရရှိထားပါတယ်။ ရလဒ်တွေက သိပ်မကောင်းလှသလို ကစားဟန်တွေကလည်း ပိုပြီး စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ ခံစစ်ကာကွယ်ရေးမှာ အာရုံစူးစိုက်မှုအားနည်းနေတာ၊ ဆက်တိုက်အမှားတွေ လုပ်နေတာ၊ ယုံကြည်မှုနဲ့ ဖန်တီးနိုင်စွမ်းကင်းမဲ့နေတဲ့ တိုက်စစ်ကစားဟန်တွေ ဖြစ်နေခဲ့ပါတယ်။ ခေတ်သစ်ဘောလုံးမှာ ပရိသတ်တွေရဲ့ သည်းခံမှုက ကန့်သတ်ချက်ရှိပါတယ်။ Postecoglou အတွက်ကတော့ ပျော်ရွှင်စရာကာလဆိုတာ စကတည်းက မရှိခဲ့ပါဘူး။

သူကစားခဲ့တဲ့ ပွဲတွေကို နီးနီးကပ်ကပ် လေ့လာကြည့်ရင် ဆင်တူပုံစံတစ်ခုကို တွေ့ရပါတယ်။ ကနဦး ဂိုးစတင်ပေးလိုက်ရတာ၊ နောက်ကနေ လိုက်လံဖိအားပေးကန်နေရတာ၊ ပွဲအရှိန်ကို မထိန်းချုပ်နိုင်တဲ့ ကစားသမားတွေ ညီညီညွတ်ညွတ် ကစားနိုင်မှု မရှိတဲ့ကစားဟန်တွေကိုဆက်တိုက်တွေ့နေရပါတယ်။ Forest အသင်းအနေနဲ့ ဂိုးတစ်ဂိုး ပြန်ရပြီးတိုင်း အာရုံစူးစိုက်မှုပြန်လျော့ပြီး ပြိုင်ဘက်ကို အမြဲထပ်မံအခွင့်အရေးပေးလိုက်သလိုဖြစ်နေတယ်။ ဒါဟာ ကံမကောင်းတာထက် မန်နေဂျာရဲ့ စနစ်ကို အသင်းက လိုက်နာနိုင်ခြင်း မရှိတာကြောင့်လို့ ထင်ရပါတယ်။

Postecoglou ရဲ့ နည်းဗျူဟာက High Line Defensive နဲ့တိုက်စစ်ကစားတဲ့ ဘောလုံးကို အခြေခံပါတယ်။ Celtic နဲ့ Spurမှာတုန်းက ဒီနည်းဗျူဟာဟာ အောင်မြင်မှုတွေရရှိစေခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ သို့သော် Forest မှာတော့ သူ့ရဲ့ High Defensive ခံစစ်ကာကွယ်ရေးလိုင်းနဲ့ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံတဲ့ ချဉ်းကပ်မှုဟာ အသင်းကို အားနည်းစေခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ ကြီးထွားလာမယ့် ဒဏ်ရာတွေကို မျှော်လင့်ထားပေမယ့် ကလပ်ရဲ့ သမိုင်းတလျှောက် အဆိုးဆုံး ရလဒ်ကိုတော့ မမျှော်လင့်ထားခဲ့ကြပါဘူး။ ကိန်းဂဏန်းတွေက ဒီလောက်ထိ ဆိုးရွားနေတဲ့အခါ သည်းခံမှုဆိုတာ အဖိုးတန်လွန်းတဲ့ အရာတစ်ခုပါပဲ။

Postecoglou ဟာ ဝေဖန်မှုတွေကို ရှောင်ရှားမနေဘူးဆိုတာကတော့ ချီးကျူးထိုက်တဲ့ အချက်ပါပဲ။ Midtjylland ပွဲပြီးတဲ့နောက် ပရိသတ်တွေရဲ့ဝေဖန်သံတွေကို သူအံ့အားမသင့်ကြောင်း၊ သူလက်မှတ်ရေးထိုးခဲ့တဲ့ အလုပ်က ဘာတွေပါလဲဆိုတာ သူသိကြောင်း ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ မက်ဆေ့ချ်ကတော့ Forest အသင်းဟာ လူတွေထင်သလောက် တိုးတက်ဖို့ ဝေးကွာနေတာမျိုး မဟုတ်ဘူး၊ အချိန်ပေးရင် ရလဒ်တွေ ပြန်ကောင်းလာမယ်ဆိုတဲ့ အချက်ပါပဲ။ သို့သော် ပရီးမီးယားလိဂ်မှာတော့ အချိန်ဆိုတဲ့အရာဟာ ရုန်းကန်နေရတဲ့ မန်နေဂျာတစ်ယောက်အတွက် ရှားပါးတဲ့ အရာတစ်ခုပါပဲ။

Forest ရှေ့ဆက်ရင်ဆိုင်ရမယ့် ပွဲစဉ်တွေကတော့ Newcastle၊ Chelsea နဲ့ Bournemouth တို့နဲ့ ကစားရမယ့် ပွဲတွေပါပဲ။ ဒီပွဲတွေဟာ အသင်းအတွက် ပြန်လည်ရုန်းထနိုင်တဲ့ အခွင့်အရေး (သို့) မန်နေဂျာရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲတွေပါပဲ။ အကယ်၍ ရလဒ်တွေ မတိုးတက်ခဲ့ရင် ကလပ်ဘုတ်အဖွဲ့အနေနဲ့ အခက်အခဲဆုံး ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ရပါလိမ့်မယ်။ သူတို့ နောက်ထပ် အပြောင်းအလဲတစ်ခု လုပ်သင့်သလား။ (သို့) Postecoglou ရဲ့ အတွေ့အကြုံနဲ့ ယုံကြည်မှုပေါ် အားကိုးပြီး အသင်းကို ထိန်းသိမ်းခွင့်ပေးသင့်သလား။

ဒီအချက်တွေကြောင့်ပဲ သူ့ဇာတ်လမ်းဟာ အခုအခါမှာ စိတ်ဝင်စားဖွယ်ကောင်းနေရတာပါ။ ရဲရင့်ပြီး တိုက်စစ်ကို အခြေခံတဲ့ စိတ်ကူးစိတ်သန်းရှိသူ နည်းပြချုပ်တစ်ယောက်ဟာ အမှတ်တွေအတွက် ကြိုးပမ်းရုန်းကန်နေရတဲ့ တိုက်ပွဲထဲ ရောက်ရှိသွားတယ်။ စိတ်အားထက်သန်တဲ့ ပရိသတ်တွေရှိတဲ့ ကလပ်တစ်ခုဟာ လေးပတ်အတွင်း မန်နေဂျာကို ဖြုတ်ပစ်ဖို့ သီချင်းဆိုနေကြရတယ်။ စိတ်ကူးနဲ့ လက်တွေ့ရဲ့ ကွဲလွဲမှုတွေဟာ City Ground မှာ ပေါ်လွင်ထင်ရှားနေပါတယ်။

လက်ရှိအခြေအနေမှာတော့ Ange Postecoglou ရဲ့ အနာဂတ်ဟာ ချိတ်ဆွဲထားတဲ့ ချည်မျှင်လိုပါပဲ။ လာမယ့် သုံးပတ်အတွင်းမှာ သူဟာ အင်္ဂလန်ဘောလုံးမှာ သူ့စွမ်းရည်ကို သက်သေပြနိုင်တဲ့ အခွင့်အရေး ရမလား (သို့) Nottingham Forest မှာရှိတဲ့ သူ့အခန်းကဏ္ဍဟာ အစမရှိဘဲ ပြီးဆုံးသွားမလား ဆိုတာကို ဆုံးဖြတ်ပေးလိုက်ပါလိမ့်မယ်။